ဂါဇာစီးတီး ဩဂုတ် ၂၇
ဂါဇာ၌ ဖမ်းဆီးခံထားရသည့် ဓားစာခံများ၏ မိသားစုဝင်များက လက်ရှိဆွေးနွေးလျက်ရှိသည့် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် အစ္စရေးအစိုးရအား တောင်းဆိုလျက်ရှိသည်။
မိသားစုဝင်များနှင့် ၎င်းတို့၏ထောက်ခံသူများ ပါဝင်သော အဖွဲ့တစ်ဖွဲ့သည် အစ္စရေး၏ အကြီးဆုံး စီးပွားရေးမြို့တော် တဲအဗစ်၌ ယမန်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် လူပေါင်း ၃၅၀၀၀၀ ကျော် ပါဝင်သည်။ ဟားမတ်စ်အဖွဲ့က ဓားစာခံအချို့ လွှတ်ပေးရေးအပါအဝင် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို သဘောတူခဲ့သည်။
သို့သော် အစ္စရေးအစိုးရက ဒေသတွင်း၌ အကြီးဆုံးမြို့ဖြစ်သည့် ဂါဇာစီးတီးကို သိမ်းပိုက်ရန် စီစဉ်လျက်ရှိပြီး ဟားမတ်စ်အဖွဲ့အပေါ် ဖိအားများပေးလျက်ရှိသည်။
ဂျေရုဆလင်မြို့ရှိ အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦး၏ အိမ်ရှေ့တွင်လည်း ပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့သည်။ ဝန်ကြီးက အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို တာဝန်ယူပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


