ဂွ      စက်တင်ဘာ     ၃

 

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် စက်တင်ဘာ ၂ ရက် ည ၁၀ နာရီခွဲက မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လှည့်ကင်းဆောင်ရွက်စဉ် ဒေါင့်ချောင်းကျေးရွာအုပ်စု၊ (၁၀)မိုင်ဝင်ပေါက် ကားလမ်း၏ ယာဘက် ဘေးတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမရှိဘဲ ပုလင်းခွံအိတ်များ တင်ဆောင်ထားပြီး ရပ်တန့်ထားသည့် မသင်္ကာဖွယ် ယာဉ်တစ်စီးအား သက်သေများနှင့်အတူ စစ်ဆေးရှာဖွေခဲ့ကြောင်း၊ ပုလင်းခွံအိတ်များအောက်တွင် လူများတင်ဆောင်နိုင်ရန် သစ်သားတန်းပြုလုပ်ထားပြီး လူတစ်ဦးမျှ မတွေ့ရှိရသည့်အတွက် အနီးပတ်ဝန်းကျင်တောအတွင်း လိုက်လံရှာဖွေရာမှ ကားလမ်းမှ တစ်ဖာ လုံခန့်အကွာ တောအတွင်းတွင် တရားမဝင် ဘင်္ဂါလီလူမျိုး အမျိုးသား ၁၄ ဦး၊ အမျိုးသမီး သုံးဦး၊ ကလေး နှစ်ဦး စုစုပေါင်း ၁၉ ဦးတို့ကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ တရားမဝင် ဘင်္ဂါလီများအား ပေါက်တောမြို့နယ်နှင့် စစ်တွေမြို့နယ်တို့မှ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ထံမှ  အခကြေးငွေ ယူကာ ပြည်တွင်းသို့ ပို့ဆောင်ပေးသည့် မော်တော်ယာဉ်နှင့် ထွက်ပြေး ယာဉ်မောင်း၊  ယာဉ်နောက်လိုက် နှစ်ဦးတို့ကို စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ရာဇသတ်ကြီးပုဒ်မ -၃၆၇/၁၄၄ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မိုးစက်