တိုကျို    အောက်တိုဘာ    ၂၇

ဂျပန်နိုင်ငံမြောက်ပိုင်း အေကီတာစီရင်စုတွင် ဝက်ဝံတိုက်ခိုက်ခံရမှုများလာသဖြင့် ဝက်ဝံများအား ပစ်ခတ်နှိမ်နင်းရန်အတွက်  ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အား ဒေသန္တရတာဝန်ရှိသူများက အကူအညီတောင်းခဲ့ကြောင်း သိရသည်။

အေကီတာစီရင်စုအုပ်ချုပ်ရေးမှူး  ဆူဇူကီးကန်တာသည် ကာကွယ်ရေးဝန်ကြီး ကိုအိဇုမိရှင်ဂျီရိုအား  အောက်တိုဘာ ၂၈ ရက်တွင် တွေ့ဆုံကာ ၎င်းကိစ္စရပ်ကိုဆွေးနွေးမည်ဖြစ်သည်။ ဒေသတွင်း ဝက်ဝံတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးကာ ၅၂ ဦး ဒဏ်ရာရရှိခဲ့သည်။  လက်ရှိအချိန်တွင်   ဝက်ဝံများအား ပစ်ခတ်နှိမ်နင်းရန်ခွင့်ပြုသည့် ဥပဒေပြဋ္ဌာန်းထားခြင်းမရှိသောကြောင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များသည် ဝက်ဝံပစ်ခတ်နှိမ်နင်းရေးလုပ်ငန်းများတွင် ဆောင်ရွက်နိုင် ခြင်းမရှိကြောင်း ဆူဇူကီးကန်တာက ပြောကြားသည်။

သို့ရာတွင် ဒေသတွင်းဝက်ဝံတိုက်ခိုက်မှုများ များလာသဖြင့် ပစ်ခတ်နှိမ်နင်းရန် လိုအပ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခင်ကာလအတွင်းက တောရိုင်းတိရစ္ဆာန်များအား ဒေသန္တရတာဝန်ရှိသူများ၏ တောင်းဆိုမှုကြောင့် ပစ်ခတ်နှိမ်နင်းရခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း အစိုးရအဖွဲ့အတွင်းရေးမှူး ကီဟာယာ မိနိုရူက ပြောသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ