တိုကျို   အောက်တိုဘာ   ၂၂

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးခရိုင် မြောက်ပိုင်းရှိ ကြက်မွေးမြူရေးခြံတစ်ခြံတွင် ယခုနှစ်ရာသီအတွင်း ပထမဆုံး  ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကို ဂျပန်အာဏာပိုင်များက ယနေ့ အတည်ပြုခဲ့သည်။

ရှီရာအိုမြို့ရှိ ခြံတစ်ခြံ၌ ကြက်အများအပြား သေဆုံးခဲ့ကြောင်း ကြက်ခြံအလုပ်သမားများက ပြောကြားသည်။ အဆိုပါသေဆုံးသည့် ကြက်များကို စမ်းသပ်စစ်ဆေးရာတွင် ကြက်ငှက်တုပ်ကွေးရောဂါ ပိုးတွေ့ရှိခဲ့သည်။

အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် ဟော့ကိုင်းဒိုးခရိုင် အာဏာပိုင်များက အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

မျိုးရိုးဗီဇစစ်ဆေးချက်များအရ အဆိုပါကြက်များတွင် ပြင်းထန်သောရောဂါဖြစ်စေနိုင်သည့်  H5 ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း တွေ့ရှိရသည်။

တာဝန်ရှိသူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက မွေးမြူရေးခြံ၌ ကြက်အကောင်ရေ ၄၅၉၀၀၀ ခန့်ကို   စတင်သုတ်သင်နေပြီဖြစ်သည်။ ၎င်းကြက်များသည် ဟော့ကိုင်းဒိုးရှိ ဥစားကြက်အားလုံး၏ ရှစ်ရာခိုင်နှုန်းဖြစ်သည်။

အာဏာပိုင်များက   အဆိုပါမွေးမြူရေးခြံအတွင်း   ကြက်နှင့် ဥများ ရွှေ့ပြောင်းခြင်းကိုလည်း တားမြစ်ထားကြောင်း သိရသည်။

ခရိုင်အတွင်းရှိ အခြားမွေးမြူရေးခြံများကို နိုဝင်ဘာ ၂ ရက်တွင် ပိုးသတ်ရန် စီစဉ်ထားသည်။

ဗိုင်းရပ်စ်ပိုးသယ်ဆောင်သည့် ရွှေ့ပြောင်းငှက်များသည် ဂျပန်နိုင်ငံသို့ လမ်းကြောင်းအမျိုးမျိုးမှ ဝင်ရောက်လာသည့် အတွက် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းဖြစ်ကြောင်း ကြက်ငှက်တုပ်ကွေးရောဂါ ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်