တိုကျို ဒီဇင်ဘာ ၁၀

ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းတွင် ၇ ဒသမ ၅ မဂ္ဂနီကျုပမာဏရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခဲ့ပြီးနောက် လူ ၅၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသမီဒီယာများတွင် ဒီဇင်ဘာ ၁၀ ရက်က ဖော်ပြခဲ့သည်။

ငလျင်ကြောင့် အအိုမိုရိခရိုင်တွင် လူ ၁၇ ဦး၊ ဟော့ကိုင်းဒိုးခရိုင်တွင် ၁၁ ဦး၊ အိဝတဲခရိုင်တွင် လေးဦး အသီးသီးဒဏ်ရာရရှိခဲ့သည်ဟု ကျိုတိုသတင်းဌာနက ဖော်ပြခဲ့သည်။

ငလျင်ကြောင့် ဟော့ကိုင်းဒိုး၊ အအိုမိုရိ၊ အိဝတဲ၊ မီယာဂီနှင့် ဖူကူရှီးမားခရိုင်တို့ရှိ ကျောင်းပေါင်း ၃၀၀ ကျော်ကို ဒီဇင်ဘာ ၉ ရက်က ပိတ်ခဲ့ရသော်လည်း ငလျင်ဒဏ်ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည့် စာသင်ကျောင်းများမှလွဲ၍ စာသင်ကျောင်းအချို့ကို ဒီဇင်ဘာ ၁၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်ဟု သတင်းဖော်ပြချက်အရ သိရသည်။

အအိုမိုရိ ပစိဖိတ်ကမ်းရိုးတန်း ကမ်းလွန်တွင် ဒီဇင်ဘာ ၈ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်တွင် တုန်ခါမှုဖြစ်ပွားခဲ့သည်။

ဂျပန်မိုးလေဝသအေဂျင်စီက ငလျင်ကြောင့် အိဝတဲခရိုင်၊ ဟော့ကိုင်းဒိုးခရိုင်နှင့် အအိုမိုရိခရိုင်များအတွက် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ အိဝတဲခရိုင် ကူဂျီဆိပ်ကမ်းနှင့် အခြားဆိပ်ကမ်းများတွင် ဆူနာမီလှိုင်းများရောက်ရှိလာနိုင်ပြီး လှိုင်း အမြင့်သည် ၇၀ စင်တီမီတာ အမြင့်ရှိနိုင်သည်ဟု ဆိုသည်။

အင်အားပြင်းငလျင်လှုပ်ပြီးနောက် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းတစ်လျှောက်တွင် နောက်ထပ်ငလျင်ကြီးတစ်ခု ထပ်မံလှုပ်ခတ်နိုင် သေးကြောင်း မိုးလေဝသအေဂျင်စီက သတိပေးချက် ထုတ်ပြန်ထားသည်။ လာမည့်သီတင်းပတ်အတွင်း အကြိမ် ၁၀၀ လျှင် တစ်ကြိမ်ခန့် ငလျင်ပြင်းအား ၈ မဂ္ဂနီကျုအဆင့်ကျော်လွန်သည့် ငလျင်ကြီးလှုပ်ခတ်နိုင်ခြေရှိသည်ဟု မှတ်ချက်ပြုဖော်ပြ ထားသည်။

လာမည့်သီတင်းပတ်များတွင် ပြည်သူများကို သတိဝီရိယနှင့်နေထိုင်ရန် မိုးလေဝသအရာရှိများက အကြံပေးထားသည်။  

ဆင်ဟွာ