တိုကျို အောက်တိုဘာ ၂၆
ဂျပန်နိုင်ငံက ၎င်း၏ ကုန်တင်သယ်ယူပို့ဆောင်ရေး HTV-X အာကာသယာဉ်ကို ယနေ့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။
အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ တာနီဂါ ရှီမာ ဒုံးပျံလွှတ်တင်ရေးစခန်းမှ HTV-X အာကာသယာဉ်ကို တင်ဆောင်ထားသော H3 ဒုံးပျံ တစ်စင်းကို လွှင့်တင်ခဲ့သည်။
၎င်းဒုံးပျံယာဉ်သည် ကောင်းကင်သို့ပျံတက်စဉ် booster rockets လေးခုနှင့် ပထမအဆင့် အင်ဂျင်ကို ဖြုတ်ထုတ်ခဲ့သည်။ ၁၄ မိနစ်အကြာတွင် ၎င်းသည် HTV-X အာကာသယာဉ်ကို သတ်မှတ်ထားသော အာကာသပတ်လမ်းအတွင်းသို့ ထည့်ပေးနိုင်ခဲ့သည်။
ဂျပန်ထုတ် ကုန်တင်သယ်ယူ ပို့ဆောင်ရေး HTV-X မောင်းသူမဲ့ယာဉ်သည် နိုင်ငံတကာအာကာသစခန်းသို့ စက်ကိရိယာများနှင့် အခြားပစ္စည်းများကို ပို့ဆောင်ရန် ဒီဇိုင်းထုတ်ထားသည်။
HTV-X အာကာသယာဉ်ကို ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံတကာအာကာသစခန်းသို့ ကုန်ပစ္စည်းများ ပို့ဆောင်ပေးသည့် ကိုနိုတိုရီအာကာသယာဉ်နေရာတွင် အစားထိုးလွှတ်တင်ခြင်းဖြစ်သည်။ ၎င်းသည် ကိုနိုတိုရီအာကာသယာဉ်ထက် ကုန်စည် ၅၀ ရာခိုင်နှုန်း ပိုမိုတင်ဆောင်နိုင်သည်။
HTV-X သည် အောက်တိုဘာ ၃၀ ရက်တွင် နိုင်ငံတကာအာကာသစခန်းသို့ ချဉ်းကပ်ဝင်ရောက်နိုင်မည်ဖြစ်သည်။
နိုင်ငံတကာ အာကာသစခန်း၌ တာဝန်ထမ်းဆောင်နေသော ဂျပန်အာကာသယာဉ်မှူး ယူကီမီယာက စက်ရုပ်လက်မောင်းများ အသုံးပြုကာ HTV-X သယ်ယူပို့ဆောင်ရေးအာကာသယာဉ်ကို ဖမ်းယူမည်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


