တိုကျို   ဒီဇင်ဘာ  ၁၅

ဂျပန်နိုင်ငံမြောက်ပိုင်းမှ အလယ်ပိုင်းအထိ ဆီးနှင်းကျဆင်းမှုများ   ပိုမိုပြင်းထန်လာပြီး   လေပြင်းများ ပိုမိုတိုက်ခတ်လာသဖြင့်  ပြည်သူများကို သတိဖြင့်နေထိုင်ရန် မိုးလေဝသအရာရှိများက သတိပေးထားသည်။

အလျင်အမြန်ဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းနှစ်ခုက ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း တိုဟိုကုဒေသကို လွှမ်းခြုံဖြန့်ကြက်ထားသည်။ လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်ခြင်းကြောင့် ဟော့ကိုင်းဒိုးဒေသမှ  ဂျပန်နိုင်ငံအရှေ့ပိုင်းအထိ  ပြင်းထန်သောလေတိုက်ခတ်မှုများကို ဖြစ်ပေါ် စေသည်။

ဟော့ကိုင်းဒိုးတောင်ပိုင်း  ကိပ်အိရိမိုတွင် တစ်နာရီလျှင် လေတိုက်နှုန်း ၁၆၂ ကီလိုမီတာအထိ ရှိပြီး ဟော့ကိုင်းဒိုးအရှေ့ပိုင်း နီမူရိုမြို့တွင် တစ်နာရီလျှင် လေတိုက်နှုန်း ၁၁၁ ကီလိုမီတာအထိ တိုက်ခတ်သည်။ ရာမာဂါတာခရိုင် ဆာကာတာမြို့၌ တစ်နာရီလျှင် လေတိုက်နှုန်း ၉၇ ကီလိုမီတာရှိသည်။

ထို့အတူ   ဟော့ကိုင်းဒိုး၌  နှင်းများထူထပ်စွာ ကျဆင်းခဲ့ပြီးနောက် ရက်အနည်းငယ်အတွင်း ယခုထက် ပိုမိုထူထပ်စွာကျဆင်းနိုင်ပြီး   ဟော့ကိုင်းဒိုး အနီးဝန်းကျင်၌ နေထိုင်သော ဒေသခံများအတွက် ရာသီဥတုအခြေအနေသည် အလွန်အန္တရာယ်ရှိသော အခြေအနေသို့ ပြောင်းလဲနိုင်သည်ဟု မိုးလေဝသအေဂျင်စီက ပြောသည်။

ဟော့ကိုင်းဒိုးရှိ ချီတိုဆီလေဆိပ်က ဆိုးရွားသောရာသီဥတုကြောင့် လေကြောင်းလိုင်း ၁၅၉ လိုင်းကို ဖျက်သိမ်းခဲ့မှုနှင့်အတူ ပြည်သူများကို လေကြောင်းလိုင်းနှင့်ပတ်သက်သည့် နောက်ဆုံးသတင်းအချက်အလက်များကို  သေချာစွာကြည့်ရှုစစ်ဆေးရန် တိုက်တွန်းထားသည်။

အင်န်အိတ်ချ်ကေ