နိုဝင်ဘာ ၈
ဂျပန်နိုင်ငံတွင် မြို့ပြဒေသများသို့ ဝက်ဝံများလှည့်လည်သွားလာနေလျက်ရှိကာ ဝက်ဝံတိုက်ခိုက်မှုများ မြင့်တက်လာသဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်း လူပေါင်း ၁၃ ဦး စံချိန်တင်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ဝက်ဝံတစ်ကောင်သည် ယမန်နေ့က အရှေ့မြောက်ပိုင်း ယာမာဂါတာစီရင်စုရှိ ရိုးရာပုံစံ တည်းခိုခန်းတစ်ခုသို့ရောက်ရှိကာ ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး အတွင်းပိုင်းပျက်စီးမှုဖြစ်ပွားခဲ့ရာ ပိုင်ရှင်မိသားစုများ ထွက်ပြေးခဲ့ရသည်ဟု သိရသည်။
ဆာဆာကီကာဇူအိုက ဝက်ဝံများသည် ယခင်က တည်းခိုခန်းအနီးတွင် လှည့်လည်သွားလာခဲ့ဖူးသော်လည်း ၎င်းတို့သည် အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း မရှိဟု ပြောကြားခဲ့သည်။
ဒေသခံမုဆိုးများသည် အရေးပေါ်အမိန့်အရ ဝက်ဝံကို ပစ်ခတ်ခဲ့ကြောင်း၊ ယင်းဒေသရှိ ရပ်ရွာလူထုများ စိုးရိမ်လျက်ရှိကြောင်းနှင့် အီဝါတီစီရင်စုရှိ မိဘအချို့က ၎င်းတို့၏ကလေးများကို အိမ်နှင့် တတ်နိုင်သမျှ နီးကပ်စွာ ပို့ဆောင်ပေးရန် ကျောင်းကားများကိုတောင်းဆိုခဲ့ကြကြောင်း ဖော်ပြထားသည်။
ဝက်ဝံများသည် ဆာလောင်မွတ်သိပ်နေပြီး စားစရာရှာဖွေရန်အတွက် ၎င်းတို့၏ သဘာဝနေရင်းဒေသကို စွန့်ခွာနေဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက ဆိုသည်။
တိုကျို စိုက်ပျိုးရေးနှင့် နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ကိုအိကဲ ရှင်ဆုကဲက ဆောင်းဦးရာသီတွင် ဝက်ဝံများ၏ အဓိကအစားအစာရင်းမြစ်ဖြစ်သော ဝက်သစ်ချသီးများသည် အခြားအခွံမာသီးများနှင့်အတူ ရှားပါးနိုင်သောကြောင့် ၎င်းတို့သည် ပိုမိုကျယ်ပြန့်သော ဧရိယာတစ်ခုတွင် လှည့်လည်သွားလာနေနိုင်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်သစ်တောအေဂျင်စီမှ တာဝန်ရှိသူများကလည်း အလားတူအမြင်ရှိကြောင်းနှင့် နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယခုနှစ် ဘိချ်အခွံမာသီးများ အလွန်နည်းပါးကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


