အောက်တိုဘာ ၁၆

ဂျပန်နိုင်ငံသည် ဧပြီလတွင် စတင်ခဲ့သော ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဝက်ဝံတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ခုနစ်ဦးရှိကြောင်း အတည်ပြုခဲ့ပြီး ၂၀၀၆ ဘဏ္ဍာနှစ်တွင် စံချိန်တင်ခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

ဝက်ဝံနှင့် ဆက်နွှယ်သည့်သေဆုံးသူဦးရေသည် ၂၀၂၃ ဘဏ္ဍာနှစ်တွင် စံချိန်တင်သေဆုံးခဲ့သည့် ခြောက်ဦး၏ယခင်စံချိန်ကို ကျော်လွန်သွားခဲ့ကြောင်းနှင့် အရှေ့မြောက်ဒေသနှင့် မြောက်ဘက်စွန်းရှိ ဟော့ကိုင်းဒိုးစီရင်စုတို့တွင် ဝက်ဝံတိုက်ခိုက်မှုအများစု ဖြစ်ပွားခဲ့ကြောင်း ထိုဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

သေဆုံးသူခုနစ်ဦးတွင်ပါဝင်သော အောက်တိုဘာ ၈ ရက်က အရှေ့မြောက်ပိုင်း အိုင်ဝပ်စီရင်စုတွင် အမျိုးသားတစ်ဦး၏ ဝက်ဝံကိုက်ခံရသည့် အလောင်းကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

မီယာဂီစီရင်စုရှိ လူနေရပ်ကွက်တစ်ခုတွင် ယမန်နေ့က အရွယ်ရောက်ပြီးသောဝက်ဝံအထီးတစ်ကောင် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်းသည် လူနေထူထပ်သောဒေသများရှိ အန္တရာယ်ရှိသောတိရစ္ဆာန်များကို အရေးပေါ်ပစ်ခတ်မှုအား ပြန်လည်ပြင်ဆင်ထားသော တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးနှင့် စီမံခန့်ခွဲမှုဥပဒေအား ပထမဦးဆုံးအကြိမ်အဖြစ် အသုံးပြုခြင်းဖြစ်သည်ဟု သိရသည်။

ယခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း လူပေါင်း ၁၀၈ ဦး ပါဝင်သည့် ဝက်ဝံနှင့် ဆက်နွှယ်သော ကိုယ်ထိလက်ရောက် ထိခိုက်စေသည့် ဖြစ်စဉ် ၉၉ ခု ဖြစ်ပွားခဲ့ရာ စံချိန်တင် အဆိုးရွားဆုံးဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အရှေ့မြောက်ပိုင်းဒေသများတွင် ဘီးချ်သီးအထွက်နှုန်းနည်းမည်ဟု ခန့်မှန်းထားသည့်အတွက် ဝက်ဝံများ လူနေရပ်ကွက်များသို့ ပိုမိုဝင်ရောက်လာနိုင်သဖြင့် သတိဖြင့်နေထိုင်ကြရန် ထိုဝန်ကြီးဌာနတာဝန်ရှိသူများက သတိပေးပြောကြားထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို