နိုဝင်ဘာ ၁၀

ဂျပန်နိုင်ငံရှိခရိုင်သုံးခုတွင် ဝက်ဝံတိုက်ခိုက်မှုကြောင့် လူ ငါးဦး ဒဏ်ရာရရှိခဲ့ရာ နိုင်ငံတစ်ဝန်းရှိ ဝက်ဝံဖြစ်ရပ်များစွာတွင် နောက်ဆုံးဖြစ်ရပ်ဖြစ်သည်။

ဝက်ဝံတစ်ကောင်သည် ဂိုဂျိုမီမြို့တွင် အသက် ၇၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တိုက်ခိုက်ခဲ့ရာ ယင်းအမျိုးသမီးတစ်ဦး၏ အော်ဟစ်သံကိုကြားသောအခါချဉ်းကပ်လာသော အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကိုပါ တိုက်ခိုက်ခဲ့ကြောင်း နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အာကီတာခရိုင်ရှိ ရဲများက ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးကို အာကီတာမြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ၎င်းတို့သည် သတိရှိပြီး စကားပြောနိုင်ကြောင်း ရဲများက ပြောကြားခဲ့သည်။

အာကီတာခရိုင်ရှိ မီဆာတိုမြို့တွင် အသက် ၈၃ နှစ်အရွယ် အမျိုးသားတစ်ဦး ၎င်း၏နေအိမ်ဝင်ပေါက်အပြင်ဘက်တွင် ဝက်ဝံတိုက်ခိုက်မှုကြောင့်  မျက်နှာဒဏ်ရာအချို့အပါအဝင် ဒဏ်ရာအချို့ရရှိခဲ့ရာ ၎င်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ၎င်းသည် သတိရှိပြီး စကားလည်းပြောနိုင်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

မုဆိုးလိုင်စင်ရှိသော ခရိုင်ဝန်ထမ်းတစ်ဦးက မွန်းတည့်ချိန်တွင် ဝက်ဝံကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း မြို့နယ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အောက်တိုဘာလကတည်းက လူသားများအပေါ် တိုက်ခိုက်မှုများ မြင့်တက်လာသောကြောင့် အာကီတာခရိုင်တစ်ဝန်း အာရှအနက်ရောင်ဝက်ဝံများအကြောင်းကို လူအများအား သတိပေးပြောကြားထားသည်ဟု သိရသည်။

အိမ်နီးချင်း အာအိုမိုရီခရိုင်တွင် အသက် ၅၀ ကျော်အရွယ် ရာမင်စားသောက်ဆိုင်ဝန်ထမ်းတစ်ဦးသည် ဆန်နိုဟေးမြို့ရှိ ဆိုင်အပြင်ဘက်တွင် ဝက်ဝံတစ်ကောင်၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်။ ၎င်း၏ နဖူးတွင် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူပြီးနောက် အိမ်ပြန်သွားခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို