တိုကျို အောက်တိုဘာ ၂၀
ဂျပန်နိုင်ငံရှိလေကြောင်းလိုင်းများသည် မီးလောင်မှုကာကွယ်ရေးအတွက် ခရီးသည်များအား လေယာဉ်ပေါ်သို့ Power Bank များ ယူဆောင်လာခြင်းမပြုရန် သတိပေးခဲ့ကြောင်း သိရသည်။ တိုကျိုဟာနီဒါ လေဆိပ်ရှိ ခရီးသည်များ၏ ခရီးဆောင်အိတ်များအတွင်း ၂၀၂၄ ခုနှစ်က လစ်သီယံ အိုင်းယွန်းဘက်ထရီပါဝင်သည့် ပစ္စည်း ၂၀၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့သည်။
လေဆိပ်များတွင် ပေါက်ကွဲတတ်သည့် ပစ္စည်းများနှင့် ခရီးသည်များအား အနှောင့်အယှက်ပေးနိုင်သည့် ပစ္စည်းများ လေယာဉ်ပေါ်သို့ မရောက်ရှိရေးအတွက် စစ်ဆေးခြင်းများကို ဆောင်ရွက်နေသော်လည်း လစ်ဟင်းမှုများရှိကြောင်း ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားသည်။ ခရီးသည်များအနေဖြင့် ခရီးဆောင်အိတ်များအတွင်း ဖုန်းအားသွင်းသည့် Power Bank များ မပါစေရေးဂရုပြုဆောင်ရွက်ရမည်ဖြစ်ကာ အကယ်၍ပါခဲ့ပါက လေယာဉ်စီးခွင့်ရမည်မဟုတ် ကြောင်း ဟာနီဒါလေဆိပ်ဝန်ထမ်းတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလအတွင်းက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှ ထွက်ခွာမည့် လေယာဉ်တစ်စင်းသည် ထွက်ခွာရန် ပြင်ဆင်နေစဉ် ခရီးသည်များအိတ်ထားရာ စင်ရှိအိတ်အတွင်း Power Bank ပေါက်ကွဲခြင်းကြောင့် မီးလောင်ခဲ့သည်။ လေယာဉ်ပေါ်တွင် မီးလောင်မှုဖြစ်ပါက ခရီးသည်များအတွက် လွတ်လမ်းမရှိသောကြောင့် လေယာဉ်ပေါ်တွင် Power Bank များမပါရှိစေရေး ဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုကျို ဂျေအက်ဖ် အော်ဗလင်တက္ကသိုလ်မှ ပါမောက္ခ တိုဇာကီဟာဂျီမီက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ


