အောက်တိုဘာ ၁၆

ဂျပန်နိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအထိ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၃၁ ဒသမ ၆၅ သန်းအထိ မြင့်တက်လာကြောင်း ဖော်ပြထားသည်။ ယခုနှစ်ပထမကိုးလအတွင်း ခရီးသွားဝင်ရောက်မှု သန်း ၃၀ ကျော်အထိ ပထမဆုံးအကြိမ် စံချိန်တင်မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလအတွင်း နိုင်ငံခြားခရီးသွား ၃ ဒသမ ၂၆ သန်းကျော် ဝင်ရောက်မှုရှိရာ လွန်ခဲ့သောနှစ် အလားတူကာလကထက် ၁၃ ဒသမ ၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းနှင့် ကိုးလတာကာလအတွင်း ခရီးသွားလာရောက်လည်ပတ်မှုသည် ၂၀၂၄ ခုနှစ် အလားတူကာလကထက် ၁၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလက တရုတ်နိုင်ငံမှခရီးသွား ၇၇၅၅၀၀ လာရောက်လည်ပတ်ခဲ့ရာ ၁၈ ဒသမ ၉ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ထိုကာလအတွင်း တောင်ကိုရီးယားနိုင်ငံမှ လာရောက်သူဦးရေ ၆၇၀၅၀၀ ရှိကာ ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးလာသည်ဟု သိရသည်။

ဂျပန်နိုင်ငံသို့ ကြီးမားသော သဘာဝဘေးကျရောက်မည်ဟူသည့် အခြေအမြစ်မရှိသော ကောလာဟလတစ်ခုကြောင့် ယခုနှစ်အစောပိုင်းတွင် ဂျပန်နိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ရောက်မှု အနည်းငယ်နည်းပါးကြောင်း ဖော်ပြထားသည်။

ဇူလိုင်လမှစက်တင်ဘာလအထိ နိုင်ငံခြားခရီးသွားများသည် ခန့်မှန်းခြေအားဖြင့် ယန်း ၂ ဒသမ ၁၃ ထရီလီယံ သို့မဟုတ် ဒေါ်လာ ၁၄ ဒသမ ၁ ဘီလီယံသုံးစွဲခဲ့သည်ဟု ဂျပန်ခရီးသွားလုပ်ငန်းအေဂျင်စီက ဆိုသည်။ ထိုခရီးသွားဝင်ရောက်မှုသည် ယခင်နှစ် အလားတူကာလကထက် ၁၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာပြီး ယင်းကာလအတွက် အမြင့်ဆုံးကိန်းဂဏန်းဖြစ်သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို