တိုကျို စက်တင်ဘာ ၁၆
ဂျပန်နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် စက်တင်ဘာ ၁၆ ရက်က အပူချိန်ထပ်မံမြင့်တက်လာခဲ့သည်။
ဟွန်ရှုကျွန်းအနီးတွင် လေဖိအားများရပ်ဝန်းဖြစ်ပေါ်ခြင်းက နိုင်ငံတစ်ဝန်း သာယာကြည်လင်သော ရာသီဥတုကိုဖြစ်ပေါ်စေပြီး အပူချိန်ကိုမြင့်တက်စေသည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ပြောသည်။
စက်တင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီခွဲတွင် ကိုချီခရိုင် ရှီမာမိုတုမြို့တွင် အပူချိန် ၃၅ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်၊ တိုကူရှီမာခရိုင် မီမာမြို့တွင် အပူချိန် ၃၅ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ်၊ အိုဆာကာမြို့တွင် အပူချိန် ၃၄ ဒသမ ၇ ဒီဂရီဆဲလ်စီးယပ်၊ တော့တိုရီမြို့တွင် အပူချိန် ၃၄ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊ နာဂိုရာမြို့တွင် အပူချိန် ၃၃ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်နှင့် တိုကျိုမြို့လယ် တွင် အပူချိန် ၃၂ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့သည်။
နေ့ခင်းအပူချိန်သည် နာဂိုရာမြို့တွင် ၃၇ ဒီဂရီဆဲလ်စီးယပ်၊ အိုဆာကာ၊ ကျိုတိုနှင့် ဂီဖုမြို့များတွင် ၃၆ ဒီဂရီဆဲလ် စီးယပ်အထိ အသီးသီးမြင့်တက်မည်ဟု ခန့်မှန်းထားသည်။
လေထုစိုစွတ်မှုလည်း မြင့်မားလျက်ရှိသောကြောင့် အပူလျှပ်နိုင်ခြေရှိသည့် သတိပေးမှုများကို ခရိုင် ၁၁ ခုတွင် ထုတ်ပြန်ထားသည်။
ပြည်သူများကို လေအေးပေးစက်များ အသုံးပြုရန်နှင့် အရည်များများသောက်ရန်၊ ဆားစားသုံးရန် အကြံပေးထားသည်။
အပူချိန်မြင့်မားမှုကြောင့် လေထုစိုထိုင်းစကို မငြိမ်မသက်ဖြစ်စေနိုင်သည့်အတွက် ဂျပန်နိုင်ငံ အနောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ရုတ်တရက်ရေကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


