တိုကျို အောက်တိုဘာ ၅
ဂျပန်နိုင်ငံတွင် ဒေသခံများအား ဝက်ဝံများ၏ တိုက်ခိုက်မှု မြင့်တက်လာကြောင်း သိရသည်။ မီယာဂျီ စီရင်စု ကူရီဟာရာမြို့ရှိ တောင်တန်းဒေသတွင် အောက်တိုဘာ ၃ရက်က အသက် (၇၀)အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဝက်ဝံတိုက်ခိုက်ခံရသဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါအမျိုးသမီးသည် ဒေသခံသုံးဦးနှင့်အတူ မှိုခူးဆွတ်နေစဉ် ဝက်ဝံတိုက်ခိုက်ခံရကြောင်း ရဲတပ်ဖွဲ့ကပြော ကြားသည်။ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံမုဆိုးများက အခင်းဖြစ်နေရာတွင် ဝက်ဝံဖမ်းဆီးရန် ထောင်ချောက်ဆင်ခဲ့သည်။ ဟော်ကိုင်းဒိုးစီရင်စုရှိ အိုတာရူမြို့တွင် မုဆိုးနှစ်ဦးသည် ဝက်ဝံ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ဂျီဖူစီရင်စုရှိ ရှီရာကာဝါရွာတွင်လည်း လမ်းလျှောက်လာသည့် အသက် (၄၀)အရွယ် စပိန်နိုင်ငံသားတစ်ဦးအား ဝက်ဝံတစ်ကောင်က တိုက်ခိုက်ခဲ့သည်။ ၎င်းအမျိုးသားသည် ဘတ်စ်ကားမှတ်တိုင်အနီးတွင် အခြားစပိန်နိုင်ငံသားတစ်ဦးနှင့် လမ်းလျှောက်နေစဉ် ဝက်ဝံက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်း ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပူးပေါင်း၍ ဒေသခံများအား ဝက်ဝံတိုက်ခိုက်ခြင်းမှ ကာကွယ်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ


