တိုကျို ဩဂုတ် ၂၄
ဂျပန်အိမ်ရှေ့မင်းသားနှင့် မိဖုရား အာကီရှီနိုတို့၏ ဒုတိယသမီးတော်ဖြစ်သည့် ဂျပန်တော်ဝင်မင်းသမီးကာကိုက အိုဆာကာမြို့၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ကုန်သွယ်မှုပြပွဲ (2025 World Expo) သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဂျပန် ထိပ်တန်းလက်မှုပညာသမားများ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ဂျပန်ကိုဂျေအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သော တော်ဝင်မင်းသမီးကာကိုက ဂျပန်ရိုးရာလက်မှု ပညာများပြသသည့် ပြခန်းသို့ သွားရောက်ခဲ့သည်။
တော်ဝင်မင်းသမီးကာကိုက ယမန်နှစ်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သော ဝါဂျီမာစီးတီး မြို့တော်ဝန်နှင့်အတူ ဂျပန်ယဉ်ကျေးမှုဆိုင်ရာ ယွန်းထည်များကို ကြည့်ရှုခဲ့သည်။
ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုများနှင့်ပတ်သက်၍ မြို့တော်ဝန်အား မေးမြန်းခဲ့ကြောင်း သိရသည်။
ထို့နောက် တော်ဝင်မင်းသမီးသည် ဇွန်လတွင် ၎င်းတရားဝင်သွားရောက်လည်ပတ်ခဲ့သည့် ဘရာဇီးနိုင်ငံ၏ ပြခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုခဲ့သည်။ ၎င်းအား ပြခန်းတာဝန်ရှိသူများက ဘရာဇီးတိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ယဉ်ကျေးမှုများပါဝင်သည့် ပန်းချီကားများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တော်ဝင်မင်းသမီးက ပီရူးနိုင်ငံ၏ ပြခန်းသို့ သွားရောက်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ပီရူးနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့သည်။ ပီရူးပြခန်းအတွင်း ဂျပန်ချက်ပြုတ်နည်းများကို ပေါင်းစပ်ထားသည့် ပီရူးရေဘဝဲဟင်းလျာများ ပါဝင်သည့် ချက်ပြုတ်ပြသမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


