တိုကျို စက်တင်ဘာ ၇
ဂျပန်ဝန်ကြီးချုပ် အီရှီဘာရှီဂဲရုသည် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် စီစဉ်ထားကြောင်း စက်တင်ဘာ ၇ ရက်တွင် ပြောသည်။
၎င်း၏အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ လာမည့် ပါတီခေါင်းဆောင်ရွေးချယ်ပွဲတွင်လည်း ပါဝင်တော့မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့သည်။
၎င်း၏ အာဏာရပါတီအတွင်း ရှုပ်ထွေးမှုများကို ထိန်းချုပ်ရန် ကြိုးစားမှုတစ်ရပ်အဖြစ် ဆုံးဖြတ်ချက်ချခြင်းဖြစ်သည်ဟုလည်း ယူဆရသည်။ ပါတီ၏ စည်းမျဉ်းစည်းကမ်းများအပေါ် အခြေခံ၍ ပါတီဥက္ကဋ္ဌ ရွေးချယ်ပွဲအတွက် လစ်ဘရယ်ဒီမိုကရက်တစ် ပါတီအတွင်းရေးမှူးချုပ် မိုရီယာမာ ဟီရိုရှီက ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကဆက်ပြောသည်။
ပါတီဥက္ကဋ္ဌသစ် ရွေးချယ်မှုလုပ်ငန်းစဉ်များ စတင်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ အီရှီဘာသည် လွန်ခဲ့သည့် အောက်တိုဘာလအတွင်းမှ စတင်၍ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ငွေကြေးဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပါတီကို ပြုပြင်ပြောင်းလဲရန် ကတိပြုခဲ့သည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးရန်ပုံငွေရှာဖွေရေး အရှုပ်တော်ပုံများတွင် ဆက်တိုက်ပါဝင်နေသည်။ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် မကြာမီတွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် ၎င်း၏ ညွန့်ပေါင်းမိတ်ဖက် ကိုမေတိုပါတီတို့သည် အောက်လွှတ်တော် ရွေးကောက်ပွဲတွင် နေရာအများစုကို ရှုံးနိမ့်ခဲ့သည်။
အာဏာရညွန့်ပေါင်းအဖွဲ့သည် ဇူလိုင်လအတွင်းက ကျင်းပသည့် အထက်လွှတ်တော် ရွေးကောက်ပွဲတွင် အများစုအနိုင် ရရှိခဲ့ခြင်းမရှိချေ။ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ အီရှီဘာကို တာဝန်ယူရန် တောင်းဆိုမှုများ ကြီးထွားလာသည့်အချိန် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် ပါတီခေါင်းဆောင် ရွေးချယ်သည့်ပွဲကျင်းပရန် ရှိ မရှိ စက်တင်ဘာ ၈ ရက်တွင် ဆုံးဖြတ်မည်ဟု မျှော်လင့်ရသည်။
အင်န်အိတ်ချ်ကေ


