ဦးရွှေဦး

 

လွတ်လပ်ပြီး   တရားမျှတသော  ရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆိုသည်မှာ  ရွေးကောက်ပွဲ များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ခြင်းနှင့်   လွတ်လပ်၍  တရားမျှတပြီး ပွင့်လင်းမြင်သာသော     ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံသားတိုင်း ဥပဒေနှင့်အညီ  မဲပေးပိုင်ခွင့်ရှိစေရေး၊ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး၊ ပွင့်လင်းမြင်သာစွာမဲပေးရေး၊ မဲရေတွက်ခြင်းနှင့် ရလဒ်များထုတ်ပြန်နိုင်ရေး၊ လွတ်လပ်၍ တရားမျှတသော မဲဆွယ်စည်းရုံးရေးနှင့် သာတူညီမျှအခွင့်အရေးများ ဆောင်ရွက်ခွင့်ရရှိရေး၊ လုံခြုံရေး၊ အကြမ်းဖက်မှုနှင့်   ခြယ်လှယ်မှုများမရှိစေရေး၊ အငြင်းပွားမှုကိုဖြေရှင်းရေး၊   ရွေးကောက်ပွဲကော်မရှင်နှင့်   ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့က သမာသမတ်ကျအောင်  ဆောင်ရွက်ရေးတို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

 

နိုင်ငံသားတိုင်းဥပဒေနှင့်အညီ မဲပေးပိုင်ခွင့်ရှိစေရေးနှင့် မဲစာရင်းမှန်ကန်ရေး

 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်   မဲစာရင်းပြုစုခြင်းများကိုလေ့လာကြည့်သောအခါ  ၂၀၀၈  ခုနှစ်  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈ (က) တွင် “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့်နှင့်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။” နှင့် ပုဒ်မ ၃၉၁ (က) တွင် “ရွေးကောက်ပွဲ စတင်ကျင်းပသည့် နေ့ရက်၌ အသက် (၁၈) နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်းပျက်ယွင်းသူ   မဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်” ဆိုသည့်  ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များကို အခြေခံ၍ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆ ပါ အရည်အချင်းများနှင့် ပြည့်စုံသူများကို   အမျိုးသား  အမျိုးသမီးမရွေး၊ ဘာသာမရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် ပြုစုထားသည်။ မဲစာရင်းများပြုစုရာတွင် ပုဒ်မ ၁၃ (က) အရ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲတို့သည် မဲဆန္ဒနယ်အသီးသီးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ မဲစာရင်းများပြုစုရာတွင် ကော်မရှင်က သတ်မှတ်သည့်   လူဦးရေစာရင်း  ပုံစံဇယားများအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက ပြုစုထားသည့် လူဦးရေစာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန    မြို့နယ်ဦးစီးမှူးရုံးတို့က   ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ လူဦးရေစာရင်းများကို ရယူအခြေခံပြီး ပြုစုရမည့်ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ထားသည်ကို တွေ့ရှိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာလွှတ်တော်နည်းဥပဒေ  ၈  (က) ပါ  အသေးစိတ် ပြဋ္ဌာန်းချက်များဖြစ်သည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည်   မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန   မြို့နယ်ဦးစီးမှူးရုံး၊   သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊    သက်ဆိုင်ရာရပ်ကွက်၊      ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်ရာမြို့နယ်ရှိ        နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် တို့ဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး   စိစစ်ရမည့်  ပြဋ္ဌာန်းချက်များအတိုင်း  စိစစ် ဆောင်ရွက်နိုင်ရန် ကပ်ထားကြေညာခဲ့ပြီးဖြစ်ပါသည်။  ထို့ပြင်   ပြည်တွင်းရှိ  မဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းတို့ကိုလည်း ကြေညာခဲ့ပြီးဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်များ ဆန္ဒမဲပေးခွင့် နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက်   ယာယီနေရပ် စွန့်ခွာနေရသူများ ရွေးကောက်ပွဲတွင် ကြိုတင်မဲပေး နိုင်ရန် ပုံစံ(၁၅)များကို မိမိတို့ရောက်ရှိရာ ဒေသမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင်  အခမဲ့ရယူ လျှောက်ထားနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်၍ ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရသည်။ 

 

ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်  စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်၍ မဲစာရင်းများကို ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အသီးသီးရှိ  မဲရုံများတွင်  ကပ်ထားကြေညာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများသို့     မေတ္တာရပ်ခံချက်ကိုပါ တစ်ပါတည်း ထုတ်ပြန်ကြေညာထားရှိသည် -

 

(က)    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်  ဒီဇင်ဘာလ ၂၈ ရက်တွင်    စတင်ကျင်းပမည့်   အထွေထွေ ရွေးကောက်ပွဲအတွက်   မဲစာရင်းများကို ၃၀ - ၉ - ၂၀၂၅ ရက်နေ့မှ ၁၃-၁၀ - ၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့်   ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင်  ပထမအကြိမ် အဖြစ် ကပ်ထားကြေညာမည်ဖြစ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကပ်ထားကြေညာနိုင်ခြင်းမရှိပါက   သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးများတွင်    မဲစာရင်းကြည့်ရှုနိုင်ရေး    ဆောင်ရွက်ထားမည်ဖြစ်ပါသည်။    မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ်   မဲဆန္ဒရှင်များက မဲစာရင်းလာရောက် ကြည့်ရှုမှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်မည် ဖြစ်ပါသည်။

 

(ခ)     မဲဆန္ဒရှင်များအနေဖြင့်    မဲစာရင်းကိုလာရောက်ကြည့်ရှုပြီး      မိမိအမည် မဲစာရင်းတွင်   မပါဝင်ပါက   ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက   ပုံစံ(၄)ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက   ပုံစံ (၄-ဂ) ဖြင့်  ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို   ဆောင်ရွက်စေလိုပါသည်။ လိုအပ်သောပုံစံများကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ပါသည်။ ထိုသို့ဖြည့်စွက်ခြင်း၊      ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့    ဆောင်ရွက်ပြီးပါက အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း တွင်    နောက်ဆုံးအကြိမ်အဖြစ်   ထပ်မံ ကပ်ထားကြေညာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့်လည်း    လိုအပ်သော တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ထပ်မံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

(ဂ)     သို့ဖြစ်ပါ၍ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန်အတွက် မဲဆန္ဒရှင်ပြည်သူ များအနေဖြင့်   အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး     (မပျက်မကွက်) လာရောက်ကြည့်ရှုခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန်    မေတ္တာရပ်ခံ အပ်ပါသည်ဟု ဖော်ပြထားပါသည်။

 

ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး၊   ပြည်နယ်၊   ခရိုင်၊   မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးတို့သည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မဲစာရင်းပြုစုရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိက ရေးသွင်းဆောင်ရွက်ရမည့် Admin/ Data Entry Officer Software နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စီမံခန့်ခွဲမည့်  Central Voter List Management System (CVLMS) Software များဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊  ကျေးရွာအုပ်စု  မဲရုံများအလိုက်  စိစစ် ရေးသွင်းထားရှိသဖြင့် မဲစာရင်းများမှာ ယခင်ကဲ့သို့ (၂) ကြိမ်၊ (၃) ကြိမ်အထပ်များနှင့် မှတ်ပုံတင်မပါရှိသူ၊ အချက်အလက်မပြည့်စုံသူများ  ပါဝင်တော့မည် မဟုတ်တော့သဖြင့် ကျစ်လျစ်မှန်ကန်သော မဲစာရင်းများ ရရှိနိုင်မည်ဖြစ်ပါသည်။

 

မြေပြင်တွင် ရွှေ့ပြောင်းသွားလာသူများ ရှိနေသေးသဖြင့် မဲစာရင်းပြုစုသည့်အချိန်တွင် ဆောင်ရွက်ရမည့် ပုံစံ (၆၆/၆) တွင် ပါဝင်နိုင်ခြင်း မရှိသေးသူများအတွက်  သက်ဆိုင်ရာ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သေဆုံး၊ ပျောက်ဆုံးသူများအတွက်   မြေပြင်တွင်  စာရင်းကောက်ယူဆောင်ရွက်ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများ မှန်ကန်ရေးအတွက်လည်း စိစစ် ဆောင်ရွက်ပေးလျက်ရှိပါသည်။       ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိသော်လည်း   အကြောင်းကြောင်းကြောင့် ကျန်ရစ်သူများ မရှိစေရေးအတွက် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးနောက် သက်ဆိုင်ရာ မဲဆန္ဒရှင်များက  ကြည့်ရှုစစ်ဆေး၍ ထုတ်ပြန်ကြေညာထားသည့်    ဆောင်ရွက်ရမည့် နည်းလမ်းများအတိုင်း ဥပဒေနှင့်အညီ ဆောင်ရွက် ပေးနိုင်ရန် မဲဆန္ဒရှင်တစ်ဦးချင်းတိုင်းက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန်   တိုက်တွန်းထားပါသည်။

 

Myanmar Electronic Voting Machine (MEVM) မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း

 

ဆန္ဒမဲပေးရာတွင် တိုင်းရင်းသားမဲဆန္ဒနယ်များ အပါအဝင်   လွှတ်တော်အားလုံး တစ်နိုင်ငံလုံး၌ Myanmar Electronic Voting Machine (MEVM) မဲပေးစက်ဖြင့် မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိသည်ကို တွေ့ရှိရသည်။ မဲပေးစက်ကို အသုံးပြု၍ မဲပေးဆောင်ရွက်ခြင်းဖြင့်  မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အခက်အခဲမရှိ လွယ်ကူလျင်မြန်ခြင်း၊ မဲရလဒ်များ  တိတိကျကျရရှိခြင်းနှင့် ပယ်မဲလုံးဝ မရှိခြင်းတို့ကြောင့် မဲလက်မှတ်များ ရေတွက်ရာတွင် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုမရှိတော့ခြင်း၊  မဲပေးရာတွင်   မဲရုံဝန်ထမ်း၊   ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ၊ မဲရုံကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖ များ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ မဲပေးဆောင်ရွက်နိုင်ခြင်း  အကျိုးကျေးဇူးများရရှိမည့်အပြင် မဲပေးစက်၏ တိကျမှန်ကန်မှုနှင့် နည်းပညာအရ အာမခံမှုများရရှိနိုင်ရန် မဲဆန္ဒရှင်ပြည်သူများကို တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ မြို့နယ်များ၏ ရပ်ကွက်၊  ကျေးရွာများသို့ လိုက်လံပြသစမ်းသပ် မဲပေးခြင်းများ ဆောင်ရွက်ခဲ့ရာ  မဲဆန္ဒရှင်ပြည်သူ ၃ ဒသမ ၅ သန်းကို     စမ်းသပ်မဲပေးဆောင်ရွက်ခဲ့သည်။

 

 Myanmar Electronic Voting Machine (MEVM)    မဲပေးစက်သည်      မြန်မာအင်ဂျင်နီယာ ပညာရှင်များက  အစိုးရဝန်ကြီးဌာန၏ စက်ရုံများ၌ ထုတ်လုပ်ထားသဖြင့်    နည်းပညာဆိုင်ရာ   လုံခြုံစိတ်ချရမှု အပြည့်အဝရှိပြီး  မည်သည့် Internet ၊ Cellular ၊ Wifi ၊ Bluetooth စသည့် ဆက်သွယ်ရေးကွန်ရက်များကိုမျှ ချိတ်ဆက်နိုင်ခြင်းမရှိသည့်အပြင် Wire ကြိုးများနှင့် ဆက်သွယ်ထားခြင်းမရှိသဖြင့် မဲရလဒ်များအပေါ် ပြင်ပမှ နှောင့်ယှက်ဖျက်ဆီးခြင်း၊ ပြင်ဆင်ခြင်း  မပြုလုပ်နိုင်ဘဲ  ဓာတ်ပုံကင်မရာ၊ Scanner များ ပါရှိခြင်းမရှိသဖြင့် မဲဆန္ဒရှင်များ၏ လျှို့ဝှက်မဲပေးခြင်းကို အာမခံချက်အပြည့်ရှိကြောင်း မဲပေးစက်များအား လိုက်လံရှင်းလင်းပြသမှုများအရ သိရသည်။        

     

မဲပေးစက်များကို ရွေးကောက်ပွဲတွင် အသုံးပြုရာ၌  Myanmar Electronic Voting Machine (MEVM) မဲပေးစက်၏ စံချိန်စံညွှန်းကို မြန်မာနိုင်ငံ စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ၂၀၁၄ ခုနှစ်နှင့်အညီ   အမျိုးသားအဆင့်ထောက်ခံအသိအမှတ် ပြုလွှာရရှိရေးအတွက်    အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် ၀၇၅/၂၀၂၅ နှင့်   မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာ  စံချိန်စံနှုန်းများကို  မြန်မာနိုင်ငံ  စံချိန်းစံညွှန်းအဖြစ်  အတည်ပြုသတ်မှတ်ပြီးဖြစ်ကြောင်း သိရသည်။

 

ပြည်ထောင်စု  ရွေးကောက်ပွဲကော်မရှင်သည် ပြည်တွင်းပြည်ပ   ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ မဲဆန္ဒရှင်များအား သိရှိဆောင်ရွက်နိုင်ရန် ၂၀၂၅  ခုနှစ်   စက်တင်ဘာလ   ၁၅  ရက်နေ့တွင် အသေးစိတ်ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။

 

ကြိုတင်မဲများရေတွက်ခြင်းနှင့် စပ်လျဉ်း၍လည်း ရွေးကောက်ပွဲနည်းဥပဒေ   အခန်း(၁၄)၊  ဆန္ဒမဲ ရေတွက်ခြင်း၊   ရွေးကောက်ပွဲရလဒ်ကြေညာခြင်း အခန်းပါ ပြဋ္ဌာန်းချက်များအတိုင်း ရွေးကောက်ပွဲ မကျင်းပမီ (၂)ရက်ကြိုတင်၍   ကြိုတင်ဆန္ဒမဲ လက်မှတ်များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ယင်းတို့၏   ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် အများပြည်သူ ရှေ့မှောက်၌ ရေတွက်၍  ရလဒ်များကို   ပွင့်လင်းမြင်သာစွာ ကပ်ထား ကြေညာမည်ဖြစ်ကြောင်း သိရှိရသည်။

 

ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ကြိုတင်မဲများကြောင့် မဲမသမာမှုဖြစ်ခြင်းကို ကာကွယ်တားဆီး နိုင်မည်ဖြစ်သည်။

 

လွတ်လပ်ပြီးတရားမျှတသော မဲဆွယ်စည်းရုံးခြင်း

 

နိုင်ငံရေးပါတီများ လွတ်လပ်ပြီးတရားမျှတစွာ ဥပဒေနှင့်အညီ   မဲဆွယ်စည်းရုံးဆောင်ရွက်နိုင်ရန်အတွက် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သော လွှတ်တော် နည်းဥပဒေများတွင် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း အခန်း (၁၀) ကို ထည့်သွင်းပြဋ္ဌာန်းထားကြောင်း တွေ့ရှိရသည်။

 

ယခင်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွေ့အကြုံများအရ နိုင်ငံရေးပါတီများသည် မဲဆွယ်စည်းရုံး ဆောင်ရွက်ရာတွင်   ဥပဒေနှင့်အညီ    မျှမျှတတ မဲဆွယ်ဆောင်ရွက်ကြရန် ဖြစ်သော်လည်း မီဒီယာအားကို အသုံးပြု၍ အမုန်းစကားများဖြင့် ပါတီအချင်းချင်း တိုက်ခိုက်မဲဆွယ်ခြင်း၊ အချို့နိုင်ငံရေး ပါတီကြီးများသည်   မိမိပါတီအနိုင်ရရေးအတွက် နည်းလမ်းမမှန်သော   စည်းရုံးရေးနည်းများဖြင့် မဲဆွယ်ခြင်း၊    မဲဆွယ်စည်းရုံးရာတွင်   လိုက်ပါ ဆောင်ရွက်သူများကို ဝန်းရံသူများအဖြစ် အခကြေးငွေပေး၍ စည်းရုံးလှုံ့ဆော်မှုများ ရှိခဲ့သည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေး လုပ်ငန်းများ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံး ခြင်းများနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပေး ထုတ်ပြန်ကြေညာခြင်းကို ၂၀၂၅ ခုနှစ်  ဩဂုတ်လ ၂၁ ရက်နေ့တွင် လည်းကောင်း၊ နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည်များကို  ၂၀၂၅  ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင်လည်းကောင်း အသီးသီးထုတ်ပြန်ကြေညာထားကြောင်း သိရှိရသည်။

 

ရွေးကောက်ပွဲနည်းဥပဒေ   ၅၀   တွင်လည်း ရွေးကောက်ပွဲအတွက်   မဲဆွယ်စည်းရုံးရာတွင် ပြဋ္ဌာန်းထားသော    ဥပဒေတစ်ရပ်ရပ်ကိုဖြစ်စေ၊ ထုတ်ပြန်ထားသော ဒေသန္တရအမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်များကိုဖြစ်စေ    ခွင့်ပြုချက်ပါ သတ်မှတ်ချက်များကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာ ဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း   တစ်ပြေးညီ  ပြဋ္ဌာန်းထားရှိသည်ကိုလည်း တွေ့ရှိရပါသည်။

 

သို့ဖြစ်၍ နိုင်ငံရေးပါတီများအနေဖြင့် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သာတူညီမျှ မျှမျှတတ မဲဆွယ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိ သည်ကိုလည်း တွေ့ရှိရပါသည်။

 

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများနှင့် သတင်းမီဒီယာများအား    လေ့လာခွင့်ပြုမည်

ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်     နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ဖိတ်ကြား၍လေ့လာ ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေး ကြေညာထားပြီးဖြစ်သည်။ ပြည်တွင်းရွေးကောက်ပွဲ  စောင့်ကြည့်လေ့လာသူများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကျင့်ဝတ်များကို ၂၀၂၅ ခုနှစ်  စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

 

မြန်မာနိုင်ငံသတင်းမီဒီယာများအတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲလမ်းညွှန် ကိုလည်း  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရှိရသည်။  ၂၀၂၅ ခုနှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပွင့်လင်းမြင်သာမှု နှင့် လွတ်လပ်၍ တရားမျှတမှုရှိကြောင်းကို နိုင်ငံတကာနှင့် ပြည်တွင်းလေ့လာ စောင့်ကြည့်ရေးအဖွဲ့များမှ လေ့လာစောင့်ကြည့်နိုင်ကြမည်ဖြစ်သည်။

 

ရွေးကောက်ပွဲလုံခြုံရေးနှင့် အကြမ်းဖက်မှု၊ ခြယ်လှယ်မှုများ မဖြစ်စေရေး

 

ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက်      နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင် ပြည်သူများနှင့်   ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဝန်ထမ်းများ၊ ရွေးကောက်ပွဲတွင် ပါဝင် ဆောင်ရွက်နေသူများ လုံခြုံရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို  နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ   အကာအကွယ်ပေးရေး ဥပဒေကိုပြဋ္ဌာန်းပြီး      အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများက အပြည့်အဝဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း တွေ့ရှိရသည်။

 

နိုင်ငံရေးပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်

 

၂၀၂၅   ခုနှစ်တွင်   ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၅၇ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ တိုင်းရင်းသားပါတီများ ပါဝင်ဆောင်ရွက်ခွင့် ရရှိနိုင်ရန်အတွက်    ရွေးကောက်ပွဲစနစ်များကို အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအတွက်    ရောနှောထားသော ကိုယ်စားလှယ် အချိုးကျစနစ် (MMP)ကို ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံ ရေးပါတီများအနေဖြင့် ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများအရ  ကိုယ်စားလှယ်နေရာများ  ရရှိနိုင် ကြမည်ဖြစ်ပါသည်။ လွှတ်တော်အတွင်း တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်များ ပါဝင်လာခြင်းဖြင့် ဒေသဆိုင်ရာကိုယ်စားပြုမှု  တိုးမြှင့်ရရှိလာမည် ဖြစ်ပြီး    တိုင်းရင်းသားများဆန္ဒကို   ပိုမိုညှိနှိုင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။  MMP စနစ်သည် တရားမျှတမှုမြင့်မားသောဆန္ဒမဲခွဲဝေမှုနှင့် ပေါင်းစပ်တည်ငြိမ်မှုကောင်းသော အစိုးရအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 

ပွင့်လင်းမြင်သာစွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် မဲမသမာမှုဖြစ်စဉ်များ         မဖြစ်စေရေးအတွက်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များက သက်သေခံလျက်ရှိသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့်  လွတ်လပ်ပြီးတရားမျှတသော    ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှု မရှိစေရေးနှင့်   နည်းလမ်းကျန  မှန်ကန်မှုရှိသော၊ ဂုဏ်သိက္ခာရှိသော      အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး   ပြည်သူများ  လိုလားတောင့်တသည့်   ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး  ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။     ။