ဩဂုတ် ၃၁ ရက်ညပိုင်းနဲ့ စက်တင်ဘာ ၁ ရက်နံနက်ပိုင်းတို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီး အေပွဲစဉ်(၂)မှာ ဂျူဗင်တပ်အသင်းနဲ့ လက်ရှိချန်ပီယံ နာပိုလီအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး အင်တာမီလန်အသင်းကတော့ ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းဟာ ဂျီနိုအာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ဒုတိယပိုင်းပွဲကစားချိန် ၇၃ မိနစ်မှာ ရရှိခဲ့တဲ့ ဗလာဟိုဗစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
နာပိုလီအသင်းက ကာဂလီယာယီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ၅ မိနစ်မှာ ရရှိခဲ့တဲ့ အန်ဂွစ်ဆာရဲ့ သွင်းဂိုးနဲ့ နာပိုလီအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီလို နိုင်ပွဲကိုယ်စီရခဲ့ပေမယ့် အင်တာမီလန်အသင်းကတော့ အူဒီးနီးစ်အသင်းကို နှစ်ဂိုး-တစ်ဂိုး ဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ အင်တာမီလန်အသင်းက ပထမပိုင်းပွဲကစားချိန် ၁၇ မိနစ်မှာ ဒမ်ဖရီးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် အူဒီးနီးစ်အသင်းက ပွဲကစားချိန် ၂၉ မိနစ်မှာ ဒေးဗစ်နဲ့ မိနစ် ၄၀ မှာ အက်တာတို့က တစ်ဂိုးစီသွင်းယူခဲ့လို့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အီတလီစီးရီးအေပွဲစဉ် ( ၂ )အပြီးမှာ ဂျူဗင်တပ်အသင်း၊ နာပိုလီအသင်း၊ ခရီမိုနိစ်အသင်းနဲ့ ရိုးမားအသင်းဟာ နှစ်ပွဲစလုံးအနိုင်ရရှိကာ ရမှတ်ခြောက်မှတ်စီနဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတာဖြစ်ပါတယ်။
ငွေကြယ်


