ဟားခါး ဒီဇင်ဘာ ၂၂

 

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ကြသည်။               

အစွမ်းကုန်ကြိုးပမ်း

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်း ဖြစ်သည့်အတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက မဲရုံနေရာချထားမှု၊ မဲရုံတွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ၊ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ၏ လုံခြုံရေးဆိုင်ရာ စီမံချက်ရေးဆွဲထားရှိမှုအခြေအနေနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူးက ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် တင်ပြလိုသည့်အချက်များကို တင်ပြကြသည်။

 

တင်ပြချက်များပေါ် ပြည်နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)