ဂျေရုဆလင် နိုဝင်ဘာ ၅
ဂါဇာဒေသရှိ အစ္စရေးတပ်ဖွဲ့များတပ်စွဲထားရာ အဝါရောင်မျဉ်းအတွင်းရှိ ဟားမတ်စ်အဖွဲ့ဝင်များ ခိုအောင်းရာ ဥမင်လိုဏ်ခေါင်းများကို တိုက်ခိုက်သွားမည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်က နိုဝင်ဘာ ၅ ရက်တွင် ပြောကြားသည်။
အစ္စရေး၏ ဂါဇာဒေသဆိုင်ရာမူဝါဒမှာ ရှင်းလင်းပြတ်သားပြီး မိမိတို့တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားရာ အဝါရောင်မျဉ်းအတွင်းရှိ ဟားမတ်စ်အဖွဲ့ဝင်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အစ္စရေးကတ်က လူမှုမီဒီယာအိက်စ်တွင်ပြောသည်။ အစ္စရေး၏ရည်ရွယ်ချက်မှာ ဟားမတ်စ်အဖွဲ့ လက်နက်စွန့်လွှတ်ရေးနှင့် ဂါဇာဒေသအား စစ်မက်ကင်းစင်သည့် ဒေသဖြစ်လာစေရေးပင်ဖြစ်ကြောင်း ၎င်းကပြောသည်။
အစ္စရေးနှင့် ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးတပ်ဖွဲ့များဆုတ်ခွာရေး၊ ဓားစာခံများလဲလှယ်ရေးနှင့် လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းများ ဂါဇာဒေသတွင်းသို့ ဝင်ရောက်ခွင့်ပြုရေးတို့ကို သတ်မှတ်ထားသည်။ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အစ္စရေးက နှစ်ရှည်ပြစ်ဒဏ်များ ကျခံနေရသည့် ပါလက်စတိုင်းအကျဉ်းသား ၂၅၀နှင့် ဂါဇာဒေသမှ ထိမ်းသိမ်းခဲ့သည့် အကျဉ်းသား ၁၇၁၈ ဦးကို လွှတ်ပေးခဲ့ကာ အပြန်အလှန်အနေဖြင့် ဟားမတ်စ်ကလည်း အစ္စရေးဓားစာခံ ၂၀ နှင့် ရုပ်အလောင်း ၂၀ ကို လွှဲပြောင်းပေးခဲ့သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


