ဟာဝိုင်ယီ ဒီဇင်ဘာ ၇
အမေရိကန်နိုင်ငံ ဟာဝိုင်ယီကျွန်းရှိ ခီလောယာမီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီး ချော်ရည်များ ထွက်လာသည်ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးအေဂျင်စီ ပြောသည်။
မီးတောင်ပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု ရှိ မရှိ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း၊ ဒီဇင်ဘာ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က တောင်ထိပ်ရှိနေရာနှစ်ခုမှ ချော်ရည်များ ထွက်လာကြောင်း အေဂျင်စီက ပြောသည်။ ယခင်ကလည်း အခြားနေရာတစ်ခုမှ မီးတောင်ချော်ရည်များ ထွက်ခဲ့ဖူးကြောင်း၊ မီးတောင်တစ်ခုတွင် နေရာသုံးခုမှ ချော်ရည်များ ပန်းထွက်ခြင်းမှာ အလွန်ရှားပါးသည့်ဖြစ်ရပ်ဖြစ်ကြောင်း အေဂျင်စီက ပြောသည်။
မီးတောင်ချော်ရည်များသည် မီတာ ၃၇၀ အမြင့်အထိ ပန်းထွက်ခဲ့သည်ဟု သိရသည်။ ဆာလဖာဒိုင် အောက်ဆိုက်နှင့် အသက်ရှူလမ်းကြောင်းထိခိုက်စေနိုင်သော အခြားဓာတ်ငွေ့များနှင့် ထိတွေ့မှုနည်းပါးစေရန် ဒေသခံများကို အေဂျင်စီက သတိပေးထားသည်။
ခီလောယာမီးတောင်သည် ကမ္ဘာပေါ်ရှိ သက်ရှိမီးတောင်များထဲမှ အသက်အဝင်ဆုံး မီးတောင်အဖြစ် လူသိများသည်။ မီးတောင်ပေါက်ကွဲမှုများကြောင့် ၂၀၀၇ ခုနှစ်ကတည်းက ဝင်ရောက်ခွင့် ပိတ်ထားသည့်နေရာလည်း ဖြစ်သည်။
အင်န်အိတ်ချ်ကေ


