ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန်မှ အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့သည့် နာမည်ကြီး ပေါ်တူဂီနှင့် ဟန်ဂေရီအသင်းပွဲစဉ်တွင် ဆဘော့ဆလိုင်း၏ နောက်ကျချေပဂိုးကြောင့် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။
ပေါ်တူဂီအသင်း အဓိကတိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒို အထူးခြေစွမ်းပြသကာ သွင်းဂိုး နှစ်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဟန်ဂေရီအသင်းကို သရေကျခဲ့သောကြောင့် ၂၀၂၆ ကမ္ဘာ့ ဖလားခြေစစ်ပွဲကို ဆောလျင်စွာအောင်မြင်မည့်အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။ အသက် ၄၀ အရွယ် ရှိပြီဖြစ်သည့် စီရော်နယ်ဒိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲစဉ်များတွင် စုစုပေါင်းသွင်းဂိုး ၄၁ ဂိုး အထိ သွင်းယူထားနိုင်ပြီဖြစ်ကာ ယခင်စံချိန်ရှင် ဂွါတီမာလာတိုက်စစ်မှူးဟောင်း ကားလို့စ် ရူဝစ်ဇ်၏ ၃၉ ဂိုး စံချိန်ကို ကျော်ဖြတ်ပြီး မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သည်။
အခြားပွဲစဉ်ရလဒ်များတွင် စပိန်က ဘူလ်ဂေးရီးယားကို လေးဂိုး - ဂိုးမရှိ၊ တူကီယဲက ဂျော်ဂျီယာကို လေးဂိုး- တစ်ဂိုး၊ အိုင်ယာလန်က အာမေးနီးယားကို တစ်ဂိုး-ဂိုးမရှိ၊ အီတလီက အစ္စရေးကို သုံးဂိုး-ဂိုးမရှိ၊ ဆားဘီးယားက အန်ဒိုရာကို သုံးဂိုး-တစ်ဂိုး၊ အင်္ဂလန်က လတ်ဗီးယားကို ငါးဂိုး- ဂိုးမရှိဖြင့် အသီးသီးနိုင်ပွဲ ရရှိခဲ့သည်။
အောင်ဇော်


