ဟင်္သာတ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပဒေသာဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန် ဦးဆောင်၍ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပူးပေါင်းအဖွဲ့များနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ကြသည်။
ဟင်္သာတမြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးသက်အောင်နှင့် ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန်နှင့် တပ်ဖွဲ့ဝင်များ၊ စျေးကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဈေးအရန် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် အသင့်ပြင်ဆင်ထားရှိမှုများ၊ ဈေးအတွင်းရှိ မီးသတ်ရေလှောင်ကန်များ၊ မီးသတ်ပိုက်များ၊ ရေစုပ်စက်များ၊ ရေပိုက်ခေါင်းများ အသင့်ပြင်ဆင်ထားရှိမှုတို့ကို ဈေးရုံများအတွင်း လှည့်လည်စစ်ဆေးကြည့်ရှုခဲ့ကြသည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်မှုများ၊ အရေးပေါ်မီးငြှိမ်းသတ်ခြင်း နည်းလမ်းများနှင့် မီးသတ်ပိုက်များ အသုံးပြုပုံ၊ မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်မှုများကို လက်တွေ့ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


