အောက်တိုဘာ ၂၈

ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းသို့ ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း လာရောက်လည်ပတ်သူ ၂၈ ဒသမ ၂ သန်းကျော် ရောက်ရှိလာခဲ့ပြီး ၂၀၂၄ ခုနှစ်က လာရောက်လည်ပတ်သူ ၂၇ ဒသမ ၈ သန်းထက် ကျော်လွန်သွားခဲ့ကြောင်း ဟနွိုင်း ခရီးသွားလုပ်ငန်းဌာန၏ပြောကြားချက်ကိုကိုးကား၍ ဒေသခံမီဒီယာ VNExpress က ယမန်နေ့က ဖော်ပြခဲ့သည်။

အဆိုပါကာလအတွင်း နိုင်ငံခြားခရီးသွား ၆ ဒသမ ၂ သန်းနီးပါး ရောက်ရှိလာခဲ့ပြီး စုစုပေါင်း ခရီးသွားလုပ်ငန်းမှဝင်ငွေ ဗီယက်နမ်ဒေါင် ၁၁၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၂ ဘီလီယံခန့်) ရှိမည်ဟု ခန့်မှန်းထားပြီး ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဟနွိုင်းမြို့သို့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၇ ဒသမ ၅ သန်းအပါအဝင် ခရီးသွား ၃၁ သန်းခန့် လာရောက်လည်ပတ်မှုရှိလာရန် မျှော်မှန်းထားသည်ဟု သိရသည်။

နိုင်ငံအတွင်းသို့ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၂၅ သန်းနှင့် ပြည်တွင်းခရီးသွား သန်း ၁၃၀ ကို ဆွဲဆောင်ရန် ရည်ရွယ်ထားကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို