ဤမြေပေါ်သို့ ကောင်းချီးမင်္ဂလာရောက်စေသော်

ယနေ့ (ဒီဇင်ဘာလ ၂၅ ရက်နေ့သည် ခရစ်ယာန်ဘာသာဝင်တို့ အလေးအမြတ်ပြုကာ ပွဲတော်အဖြစ် ကျင်းပသည့် ခရစ္စမတ်နေ့ ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ကျော်က သည်လိုရက်တွင် တမန်တော်ယေရှုကို မွေးဖွားခဲ့သည်ဟု အမှတ်အသားပြု၍ တမန်တော်၏ မွေးနေ့ကို ခရစ္စမတ်ပွဲတော်အဖြစ် သတ်မှတ်ကာ ပျော်ကြရွှင်ကြ ကျင်းပကြသည်။

ဤသို့ ခရစ္စမတ်နေ့အဖြစ် သတ်မှတ်ကာ ကြရွှင်ကြ၊ ခင်မင်သူချင်း ဆုံကြတွေ့ကြ၊ လက်ဆောင်ပစ္စည်းများ အလဲအလှယ် လုပ်ကြလေ့ရှိ၏။ မိမိတို့၏ အိမ်ထဲ၊ ခြံထဲတို့တွင် ခရစ္စမတ်သစ်ပင် ထူကာ မွမ်းမံပြုပြင် အလှဆင်ကြ၏။ ဝေးကွာနေသည့် မိသားစုဝင် " များ ခရစ္စမတ်ကာလတွင် မိဘနေအိမ်သို့ မရောက်ရောက်အောင် ပြန်လာကြကာ ဆုံတွေ့ကြ၊ ချစ်ခင်ထွေးပွေ့ကြ၏။ စားဖွယ် သောက်ဖွယ်အမျိုးမျိုးကို ချက်ပြုတ်ပြင်ဆင်ကာ ဆွေမျိုးသားချင်း များ၊ အိမ်နီးနားချင်းများ၊ ရင်းနှီးခင်မင်သူ မိတ်ဆွေ သူငယ်ချင်းများ ကြား အပြန်အလှန် ဖိတ်ခေါ်တည်ခင်း ကျွေးမွေးကြ၏။

ဤသည်မှာ ကမ္ဘာတစ်ဝန်း နေရာအနှံ့အပြားမှာ ဖြစ်ပေ၏။ ခရစ္စမတ်ယဉ်ကျေးမှုသည် ဘာသာရေးအခြေပြုပွဲတော်တစ်ခု ဖြစ်သော်လည်း ယခုအခါတွင် ခရစ်ယာန်ဘာသာဝင်မှမဟုတ်၊ လူမျိုး မရွေး၊ ဘာသာမရွေးဆိုသလို လူတိုင်းလိုလို ပါဝင်လာကြရင်း ချစ်ခင်ပျော်ရွှင်မြူးထူးစွာဆင်နွှဲကြသည့် နိုင်ငံတကာ ယဉ်ကျေးမှုတစ်ခုပင် ဖြစ်နေချေပြီ။ ခရစ္စမတ်ပွဲတော်ကာလသည် ခရစ်နှစ် နှစ်သစ်ကူးနှင့် ဆက်စပ်သွားကာ နိုင်ငံတကာတွင် ရုံးပိတ်ရက်ရှည်၊ ကျောင်းပိတ် ရက်ရှည်အဖြစ် သတ်မှတ်ထားသည့်အတွက်လည်း ပိုမိုစည်ကား သိုက်မြိုက်သည့် ပွဲတော်ကြီး ဖြစ်လာပေသည်။

ယခုလို နိုင်ငံတကာ ယဉ်ကျေးမှုအနေဖြင့် ဖြစ်လာသည့်အခါ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ၏ စီးပွားရေးဈေးကွက်သည်ပင် နှစ်တစ်နှစ်အတွင်း၌ ရောင်းအားအမြင့်ဆုံးရောင်းအားတွင်ကျယ်ဆုံး အချိန် ဖြစ်လာသည်။ ထွန်းလင်းတောက်ပနေသော မီးရောင်စုံ ဘုရားကျောင်းကြီးများနှင့်အပြိုင် ဈေးဆိုင်ကြီးများ၊ ကုန်တိုက်ကြီး များနှင့် မိမိတို့ဒေသရှိ အထင်ကရ ဗိသုကာလက်ရာ အဆောက်အအုံ ကြီးများသည် လျှပ်စစ်မီးထိန်ထိန် အရှိန်တဝင်းဝင်းဖြစ်နေလေ့ ရှိပေသည်။ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ဈေးလျှော့ရောင်းပွဲ များကလည်း အပြိုင်အဆိုင်ဖြစ်လေရာနိုင်ငံအသီးသီး၏မြို့အသီးသီး သည် ရောင်စုံပွဲတော်၊ ဈေးပွဲတော်၊ အလင်းပွဲတော်၊ မီးပွဲတော်အဖြစ် စည်ကားလို့ နေပါတော့သည်။

သို့သော်လည်း ယခုနှစ်က ကိုဗစ်ရောဂါနှင့် ထိပ်တိုက်ရင်ဆိုင် နေရသည်။ မနှစ်က ခရစ္စမတ်ကာလအထိ မြန်မာနိုင်ငံက ကိုဗစ် နှင့် လွတ်ကင်းနေသည့်အတွက် ပွဲတော်ကျင်းပသူ မိတ်ဆွေများနှင့် ဆုံကြ ပျော်ရွှင်ခဲ့ကြသေးသည်။ ယခုနှစ်မှာတော့ တွေ့ကြဆုံကြရန် ခက်ခဲနေချေပြီ။ တစ်နယ်စီရောက်နေကြသော မိသားစုဝင်များ လည်း ပြန်လာရန် ခက်ခဲနေကြပြီ။ တစ်မြို့တည်းနေကြသူချင်းပင် တွေ့ရန်ဆုံရန် ခက်ခဲနေကြချိန်။

ရန်ကုန်မြို့ရှိ ကိုဗစ်ရောဂါဖြစ်နေကြသူများ၏ ၆၅ ရာခိုင်နှုန်း မှာ ရောဂါလက္ခဏာမပြကြဆိုသည့်အခါ မိမိအနားရောက်လာသည့် မည်သူမဆိုသည် ရောဂါပိုးရှိနေသူ ဖြစ်နေနိုင်သည်။ လူစုလူဝေး ရှိခြင်း၊ နေရာတစ်နေရာတွင် လူဦးရေ ထူထပ်သိပ်သည်းနေခြင်းတို့က ကိုဗစ်ရောဂါ ပျံ့နှံ့စေနိုင်သည့် ပင်မနေရာများ ဖြစ်လာနေသည်လည်း ဖြစ်ရာ ထပ်တလဲလဲ သတိပေးနေရသော လက်ကို မကြာခဏ စနစ်တကျဆေးပါ၊ နှာခေါင်းနှင့် ပါးစပ်စည်းများ၊ မျက်နှာဖုံးများ ဝတ်ဆင်ကြပါဟူသည်က အရေးပါနေဆဲဖြစ်သကဲ့သို့ လူစုလူဝေးကို မဖန်တီးကြပါနှင့်ဟူသည့် တောင်းဆိုမှုကလည်း အလေးဂရုပြု လိုက်နာရမည့်အချက် ဖြစ်နေပါသည်။

ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဧရိယာ အတွင်းရှိ ပန်းခြံများကို ဒီဇင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ခေတ္တပိတ်ပင်ထားရှိသည့်အတိုင်းနှင့် အမြို့မြို့အနယ်နယ်မှ ပန်းခြံ အစရှိသည့် လူစုလူဝေးပြုလုပ်ရာနေရာတို့ကို ယခုနှစ်တွင် ရှောင်ကြဉ် ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ခရစ္စမတ်ကာလ နှစ်သစ်ကူး ပျော်ရွှင်စုဝေးကြရမည့် ကာလ ကို တိတ်ဆိတ်ည၊ သန့်ရှင်းညတေးကို သီကျူးရင်း အားလုံးအေးချမ်း၊ အားလုံးတောက်ပလင်းလက်စွာ၊ ဆိတ်ငြိမ်စွာ အောင့်အည်း သည်းခံကာ ဖြတ်သန်းကြခြင်းဖြင့် ဤမြေပေါ်သို့ ကောင်းချီးမင်္ဂလာ ရောက်စေသော်ဟု ခရစ္စမတ်ဆုမွန်နှင့် နှစ်သစ်ဆုမွန်ပြုအပ်ပါ သတည်း။ 

mna