ရန်ကုန် ၁၉ ဖေဖော်ဝါရီ 

 

မကြာမီဖွင့်လှစ်မည့် မြောင်းမြတံတားအပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ တည်ဆောက်ဆဲ တံတားများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စော်ကဲ၊ ကျွန်းပြဿဒ်၊ ပင်လယ်လေးနှင့် ပုသိမ်တံတား၊ မွန်ပြည်နယ်ရှိ အတ္တရံတံတား၊ ချင်းပြည်နယ်ရှိ ပလက်ဝတံတားနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်တံတား အမှတ် (၃) တို့တွင် J & M သံမဏိစက်ရုံထုတ် သံမဏိသံပေါင်များကို အသုံးပြုတည်ဆောက်လျက်ရှိကြောင်း တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောသည်။

 

မြန်မာနိုင်ငံ၏ သံမဏိ်သံပေါင်လိုအပ်ချက်အရ J & M Steel Solutions Co. Ltd. မှ သံမဏိစက်ရုံကို ဆောက်လုပ်ရေးဝန်ကြီးဌာန   ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့်  ဂျပန်နိုင်ငံ JFE Engineering  Corporation တို့က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့်   မြန်မာနိုင်ငံက ၄၀ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံက ၆၀ ရာခိုင်နှုန်း ထည့်ဝင်ရင်းနှီးမြှုပ်နှံ၍ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းရှိ မြေ ၁၆ ဧကပေါ်၌ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ် မေလတွင် ဖွင့်လှစ်ခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်ထုတ်လုပ်နိုင်ခဲ့သည်။

 

“အရင်က နိုင်ငံအတွက် လိုအပ်နေတဲ့ သံမဏိသံပေါင်တွေ၊ အထူးသဖြင့် တံတားကြီးတွေဆောက်ဖို့ သံမဏိသံပေါင် တံတားတွေကို နိုင်ငံခြားငွေနဲ့ မှာယူတင်သွင်းရတယ်။ အချိန်ပေးရတယ်။ အခုဆိုရင် ပြည်တွင်းမှာပဲ မြန်မာကျပ်ငွေနဲ့ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်တယ်။ အနည်းဆုံးက သယ်ယူပို့ဆောင်စရိတ် သက်သာသွားတယ်။ လိုအပ်တဲ့ပစ္စည်းကို လိုအပ်တဲ့အချိန်မှာ အလွယ်တကူရရှိ နိုင်ပါတယ်။ (ဥပမာ) မြောင်းမြတံတားလိုမျိုး အရေးပေါ်ဖြစ်သွားတဲ့ အခြေအနေမျိုးဆိုရင် မူလဆောက်နေတာက ပုံစံတစ်မျိုး၊ အရေးပေါ်ဖြစ်သွားတဲ့အခါ ပုံစံပြန်ပြောင်းရတယ်။ ဒီစက်ရုံရှိနေတဲ့အတွက် စက်ရုံက ကျွမ်းကျင်ပညာရှင်၊ ဒီဇိုင်းပညာရှင်များနဲ့ တိုင်ပင်၍ ပုံစံပြန်ပြောင်းပြီး တစ်နှစ်အတွင်းမှာ ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ကြောင့် တံတားကို ရှစ်လအတွင်း ပြီးစီးအောင် မူလပုံစံကနေ ပုံစံပြန်ပြောင်းပြီး အဆင့်မီထုတ်လုပ် တည်ဆောက်နိုင်ခဲ့ပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ဆိုသည်။

 

စက်ရုံစတင်ချိန်က တစ်နှစ်လျှင် တန်ချိန်တစ်သောင်း ထုတ်လုပ်နိုင်ခဲ့သည်။

 

ယနေ့အချိန်ထိ သံမဏိသံပေါင် စုစုပေါင်း တန်ချိန်ရှစ်သောင်း ထုတ်လုပ်နိုင်ခဲ့ကာ တစ်နှစ်တန်ချိန် သုံးသောင်း ထုတ်လုပ်နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။

 

“အခု တည်ဆောက်ပြီးတဲ့ တံတားတွေတော်တော်များများက ပြီးစီးသွားပါပြီ။ Plate Girder အမျိုးအစား သံမဏိသံပေါင်တံတားအစင်း ၇၀ ကျော်ပါပြီ။ Steel Truss Type Bridge ဆိုတဲ့ သံမဏိသံပေါင်ရိုးတံတား ၁၅ စင်း ကျော်သွားပါပြီ။ Box Gider Type Bridge ဆိုတဲ့ သံမဏိသံပေါင် တံတားဆိုရင် ၁၃ စင်း၊ အခုဆိုရင် ထုတ်လုပ်ပြီးတဲ့ သံမဏိသံပေါင် တံတားပေါင်းက အစင်း ၁၀ဝ ဝန်းကျင်ရှိသွားပါပြီ” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တံတားများအပြင် ရန်ကုန်မြို့ ကုက္ကိုင်းခုံးကျော်တံတားနှင့် ဆိပ်ခံတံတားများကိုလည်း  J&M Steel Solutions Co.Ltd စက်ရုံကထုတ်သည့် သံမဏိသံပေါင်များနှင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။   

 

ပြည်ပပို့ကုန်များအနေဖြင့် လာအိုနိုင်ငံသို့  ၂၀၁၄ ခုနှစ်က တန်ချိန် နှစ်ရာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ၂၀၁၇-၂၀၁၈ တွင် တန်ချိန် တစ်သောင်းနှင့် သီရိလင်္ကာနိုင်ငံသို့ ၂၀၁၆ ခုနှစ်တွင် တန်ချိန်သုံးရာ တင်ပို့နိုင်ခဲ့ပြီး လက်ရှိ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တန်ချိန်ရှစ်ထောင် ထပ်မံပေးပို့လျက်ရှိရာ အိန္ဒိယနိုင်ငံသို့လည်း သံမဏိသံပေါင်များ ဆက်လက်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ သံမဏိစက်ရုံတွင် မြန်မာနိုင်ငံမှ အင်ဂျင်နီယာများ အပါအဝင် ဝန်ထမ်းအင်အား ၆၀ဝနီးပါး တာဝန်ထမ်းဆောင်လျက်ရှိပြီး  မြန်မာနိုင်ငံသား ဝန်ထမ်းများ အရည်အသွေးပြည့်ဝရေးနှင့်  လုပ်ငန်းကျွမ်းကျင်မှု ရရှိရေးအတွက် ဂျပန်ပညာရှင်များက ပြည်တွင်း၌ သင်တန်းများ ပို့ချပေးလျက်ရှိသကဲ့သို့ ဂျပန်နိုင်ငံသို့လည်း နှစ်စဉ်စေလွှတ်ကာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပေးလျက်ရှိကြောင်း သိရသည်။

 

သတင်း -ခင်ဝင်းမော်
ဓာတ်ပုံ - ဇော်မင်းလတ်