ဇီးကုန်း ဒီဇင်ဘာ ၁၄

 

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်ညှိနှိုင်းခြင်းနှင့် စက်ကိုင်မွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမ၌ ပြုလုပ်သည်။

 

ရှင်းလင်းပြောကြား

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေက အမှာစကားပြောကြားသည်။ ထို့နောက် ဇီးကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့်သူများ၏ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးသည်။

 

 ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စုစုနှင်းက မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲပေးစက် တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်မှုများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား သင်တန်းသူ ၅၀၀ တက်ရောက်ကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)