ပေါင် ၁၇ ဇူလိုင်

 


မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ ကျောက်သင်္ဘောရေတံခွန် အပန်းဖြေစခန်းသို့ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် ဝါဆိုပန်းခူးထွက်သူများနှင့် လာရောက်အပန်းဖြေလည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 


ကျောက်သင်္ဘောရေတံခွန် အပန်းဖြေစခန်းကို မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ သာယာလှပပြီး အပန်းဖြေစခန်းအင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် ဆောင်ရွက်ထားသောကြောင့် ခရီးသွားအပန်းဖြေလာရောက်ကြသူများ အေးချမ်းပျော်ရွှင်စွာ လာရောက်လည်ပတ်ကြကြောင်း၊ အစိုးရရုံးပိတ်ရက်များနှင့် နေ့ကြီးရက်ကြီးများတွင်လည်း ရပ်ဝေးရပ်နီး အနယ်နယ်အရပ်အရပ်မှ မိသားစုအလိုက်၊ မိတ်ဆွေအပေါင်းအသင်းများဖြင့် လာရောက်လည်ပတ်သူများလျက်ရှိကြောင်း သိရသည်။

 


“ကျွန်တော်တို့က ဒီရေတံခွန်ကိုလာတာ မနှစ်ကတစ်ခါ အခုတစ်ခါပေါ့၊ ရေကျနေတာကလည်းလှတယ်၊ တောတောင် ရှုခင်းတွေ၊ ကျောက်တုံးကျောက်ခဲတွေက အရမ်းကိုလှပပြီး ရေတွေ စီးကျနေတာမြင်တော့ ပင်ပန်းထားသမျှ ပြေပျောက်ကုန်တယ်။ အဲဒါကြောင့် ဒီနှစ်ကျွန်တော်တို့ မိသားစု ပြန်လာကြတာပါ။ လည်ပတ်တဲ့သူတွေ အန္တရာယ်မဖြစ်စေဖို့ကလည်း တာဝန်ရှိတဲ့သူတွေက သေချာစောင့်ကြည့်နေကြတာတော့ အားရတယ်။ CCTV ကင်မရာလည်းတပ်ထားပေးတော့ အရမ်းကို ကောင်းပါတယ်။ ကျွန်တော်တို့ကလည်း ဒီလိုပဲ ဖြစ်စေချင်တာပါ” ဟု ကျိုက်မရောမြို့နယ်မှ ဦးဝေယံက ပြောသည်။

 


ကျောက်သင်္ဘောရေတံခွန်မှာ အနယ်နယ်အရပ်ရပ်မှ ခရီးသွားအပန်းဖြေသူများနှင့် နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုများရှိကြောင်း၊ ယခုနှစ်တွင် ဇင်းကျိုက်ရေတံခွန်အပန်းဖြေစခန်းသို့ ဝါဆိုပန်းခူးထွက်သူများ ယခင်နှစ်များထက် နည်းပါးလာသော်လည်း ယခုရက်များတွင် စည်းကားလျက်ရှိကြောင်း ဒေသခံများထံမှသည်။

 


“ဝါဆိုလပြည့်နေ့နဲ့ လပြည့်ကျော်ရက်တွေအတွက် လုံခြုံရေးအဖွဲ့တွေကို ပိုမိုတင်းကြပ်ထားပါတယ်။ အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေ မသွားကြဖို့၊ ခြံစည်းရိုးတွေ သတိပေးဆိုင်းဘုတ်တွေထားရှိပေးတယ်။ အသံချဲ့စက်များဖြင့် အန္တရာယ်ဖြစ်စေနိုင်သော သတ်မှတ်ထားတဲ့နေရာတွေကို မသွားကြဖို့ အချိန်ပြည့် သတိပေးနှိုးဆော်ပေးနေပါတယ်။ တစ်ခုခုဖြစ်လာလို့ရှိရင် အချိန်မီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဌာနဆိုင်ရာတွေရော၊ လူမှုကူညီရေးအဖွဲ့အစည်းတွေလည်း စောင့်ကြည့်နေပါတယ်။ အရေးပေါ်အခြေအနေဖြစ်လာပါက အရေးပေါ်ကားတစ်စီးကိုလည်း ထားရှိထားပါတယ်” ဟု ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးတိုးတိုးအောင်က ပြောသည်။

 


ယခုနှစ် ဇင်းကျိုက်ရေတံခွန်သို့ လာရောက်လည်ပတ်သူများ အန္တရာယ်ကင်းစေရန်အတွက် ဝါဆိုလပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့များတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများတို့က ရေတံခွန်အပန်းဖြေစခန်း လာရောက်အပန်းဖြေလည်ပတ်သူများအား ပျော်ရွှင်ချမ်းမြေ့စွာ အနားယူအပန်းဖြေနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

 


ကိုဟိန်း(ပေါင်)