ဗီရှတ် ဒီဇင်ဘာ ၂၈

ကာဂျစ္စတန်နိုင်ငံမြို့တော် ဗီရှတ်တွင် တရုတ်နိုင်ငံအကူအညီဖြင့် တည်ထောင်သည့် အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ရေးစက်ရုံကို ယမန်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၎င်းစက်ရုံတည်ထောင်ခြင်းဖြင့် စွန့်ပစ်အမှိုက်များကို စီမံခန့်ခွဲရာတွင် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်လွှတ်ပေးမည်ဖြစ်ကာ ဒေသခံများအား အလုပ်အကိုင်များပေးနိုင်မည်ဖြစ်ကြောင်း  ကာဂျစ္စတန်သမ္မတ  ဆာဒါးဂျာပါရော့ဗ်က ပြောကြားသည်။ ၎င်းစက်ရုံသည် ဗီရှတ်၏ သဘာဝပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စေမည်ဖြစ်ကာ  လူထုတစ်ရပ်လုံးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်လွှတ်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ မြို့တော်၏ မီးခိုးမြူငွေ့လျှော့ချရေးကို စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်လွှတ်သည့် နည်းလမ်းဖြင့်  ကူညီပေးမည်ဖြစ်ကြောင်း ဗီရှတ်မြို့ ဒုတိယမြို့တော်ဝန် ရာမစ်ဇ် အလီယက်ဗ်က ပြောသည်။

စီမံကိန်းကို ဘေးကင်းလုံခြုံစွာ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် လည်ပတ်ရေးဆောင်ရွက်မည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများကို ဒေသခံများထံ ရောက်ရှိစေရေး ဆောင်ရွက် မည်ဟု ၎င်းစီမံကိန်းကိုဆောင်ရွက်သည့် Hunan Junxin Environmental Protection Co., Ltd. တာဝန်ရှိသူ Dai Daoguo က ပြောကြားသည်။

နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၄၆ သန်းခန့်  ထုတ်လုပ်ပေးမည်ဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို တစ်နှစ်လျှင် တန်ချိန် ၁၀၀၀၀၀ ခန့် လျှော့ချပေးမည်ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူ