အောက်တိုဘာ ၁၅
ကာဇက်စတန်နိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလမှစက်တင်ဘာလအတွင်း ရေနံတန်ချိန် ၆၀ ဒသမ ၅ သန်း တင်ပို့ခဲ့ရာ ယခင်နှစ်ကထက် ၁၄ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စွမ်းအင်ဝန်ကြီး ယာလန်၏ပြောကြားချက်ကိုကိုးကားပြီး ကာဇင်ဖောင်သတင်းအေဂျင်စီက ယမန်နေ့က ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်အတွက် ရေနံတန်ချိန် ၇၀ ဒသမ ၅ သန်းတင်ပို့ရန်စီစဉ်ထားကြောင်း ၎င်းက အစိုးရအစည်းအဝေးတစ်ခုတွင် ပြောကြားသည်။
ရေနံဓာတ်ငွေ့ရည် ထုတ်လုပ်မှုသည် တန်ချိန် ၂ ဒသမ ၃ သန်းသို့ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
သန့်စင်ပြီးရေနံထွက်ကုန် စုစုပေါင်းတန်ချိန် ၁၁ ဒသမ ၆ သန်းရှိရာ ၂၀၂၄ ခုနှစ် အလားတူကာလကထက် ၁၀ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။ နှစ်စဉ် လျာထားချက် တန်ချိန် ၁၃ ဒသမ ၇ သန်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် နိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုသည် ပထမ ကိုးလအတွင်း ကုဗမီတာ ၅၁ ဒသမ ၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ၂၀၂၅ ခုနှစ် လျာထားချက် ကုဗမီတာ ၆၂ ဒသမ ၈ ဘီလီယံဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


