ရန်ကုန် နိုဝင်ဘာ ၁၆

ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲများကျင်းပနေသည့် ONE Championship အဖွဲ့အစည်းသည် ကစားသမားဘဝမှ အနားယူသွားသည့်    မြန်မာဖိုက်တာဟောင်း   အောင်လအန်ဆန်အား Hall of Fame တွင် ထည့်သွင်းဂုဏ်ပြုခဲ့သည်။

နိုဝင်ဘာ ၁၆ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့၌ကျင်းပသည့် ONE 173 ပြိုင်ပွဲကျင်းပနေသည့်အချိန်တွင် အောင်လအန်ဆန်အား    ONE Championship အဖွဲ့အစည်း အမှုဆောင်အရာရှိချုပ် ချက်သရီ ဆစ်ယိုထောင်း ကိုယ်တိုင် Hall of Fame ဆုတံဆိပ် ချီးမြင့်ခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ONE Hall of Fame တွင် ထည့်သွင်းဂုဏ်ပြုခံရသည့် တတိယမြောက် ဖိုက်တာဖြစ်လာပြီး ၎င်းမတိုင်မီက အမေရိကန်ဖိုက်တာ ဂျွန်ဆင်နှင့် ဘရာဇီးဖိုက်တာ ဘီဘီယာနိုဖာနန်ဒက်စ် နှစ်ဦးသာရှိခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန်သည် MMA ဖိုက်တာဘဝကို နှစ်ပေါင်း ၂၀ ဝန်းကျင်   ဖြတ်သန်းပြီးနောက် ယခုနှစ် အောက်တိုဘာ ၄ ရက်တွင် ဆွီဒင်ဖိုက်တာ ကိတ်စတမ်နှင့် ထိုးသတ်ပြီး ကစားသမားဘဝမှ အနားယူခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၄ ခုနှစ်တွင် ONE နှင့် လက်တွဲပြီးနောက် အောင်မြင်သည့်ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး ဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံအဖြစ်    ကာလအတန်ကြာ ရပ်တည်နိုင်ခဲ့သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-ONE