နေပြည်တော် စက်တင်ဘာ ၃
ကျောက်ဆည်ခရိုင်တွင် ငွေကျပ် ၃ ဒသမ ၀၀၃ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၂၀ ဒသမ ၁၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၅ ရက် ည ၇ နာရီခွဲတွင် သတင်းအရ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် အမှတ် (၃) ခရိုင်ချင်းဆက်လမ်း၌ ဉာဏ်လင်း မောင်းနှင်ပြီး လှခိုင်လိုက်ပါလာသော Toyota Liteace ယာဉ်၊ စံဝင်းလင်း မောင်းနှင်သည့် Izone ယာဉ်နှင့် ထက်အောင်ဇော် မောင်းနှင်သည့်ဆိုင်ကယ်တို့ကို စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်နှစ်စီးပေါ်မှ ဘိန်းဖြူ ၁၂၀ ဒသမ ၁၂ ကီလို (၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၀၀၃ ဘီလီယံ) ကို သိမ်းဆည်းရမိခဲ့ကြောင်း။
ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီခွဲတွင် ဘိန်းဖြူများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ ဘုန်းမြင့်မြတ်ကို ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီခွဲတွင် ဘိန်းဖြူများကို တာဝန်ခံသယ်ဆောင်ခဲ့သူ စိုးဝေလွင် (ဖမ်းဆီးရန်ကျန်) နှင့် တင်မျိုးအောင် (ဖမ်းဆီးရန်ကျန်) တို့ ရှေ့ပြေးအဖြစ် ဆောင်ရွက်ရာတွင် အသုံးပြုခဲ့သည့် NISSAN AD VAN ယာဉ်အား မြစ်သားမြို့နယ် အမှတ် (၃) ခရိုင်ချင်းဆက်လမ်းတွင်လည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီ ခွဲတွင် ဘိန်းဖြူများအား မူဆယ်မှရွာငံမြို့နယ်သို့ သယ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် စိုးဝေလွင် ပိုင်ဆိုင်သော Hino Profia ၁၂ ဘီးယာဉ်ကို ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက်တွင်လည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေး ပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ်မှ ရွာငံမြို့နယ်သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်သို့ ယာဉ်များပြောင်းလဲ၍ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


