ကျောက်ဆည် အောက်တိုဘာ ၂၃
ကျောက်ဆည်မြို့နယ် မိုးရာသီ ရဲဘော်ကြီးကျေးရွာ၌ ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားသော ရေဆင်း-၁(စပ်မျိုး) မိုးနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားသော ရေဆင်း-၁(စပ်မျိုး) နေကြာသီးနှံများကို ရဲဘော်ကြီးကျေးရွာ ကွင်းအမှတ်(၁၂၈ ဃ) ဦးပိုင်အမှတ် (၁/၁) တောင်သူဦးသန်းထွန်းက သုံးဧကနှင့် ဦးပိုင် အမှတ်(၉/၁) တောင်သူ ဦးခင်မောင်အေးက နှစ်ဧက စိုက်ပျိုးထားကြောင်း၊ တောင်သူ ဦးသန်းထွန်း၏ နေကြာစိုက်ခင်းကို ရိတ်သိမ်းခဲ့ရာ တစ်ဧက ပန်းတိုင်အထွက်နှုန်း ၅၁ ဒသမ ၄၅ တင်းထွက်ရှိကြောင်း၊ တောင်သူ ဦးခင်မောင်အေး၏ နေကြာခင်းမှာ တစ်ဧက ၅၁ တင်းထွက်ရှိသည်။
ကျောက်ဆည်မြို့နယ်၌ မိုးနေကြာသီးနှံများကို ကျေးရွာအုပ်စုများဖြစ်သည့် တိုက်နယ်(၁) တွင် ၄၇၃ ဧက၊ တိုက်နယ်(၂) တွင် ၁၇၅ ဧက၊ တိုက်နယ် ၄ တွင် ၇၇ ဧက၊ တိုက်နယ် ၅ တွင် ၁၀ ဧက၊ တိုက်နယ် ၆ တွင် ၄၁၁ ဧက၊ တိုက်နယ် ၇ တွင် ၁၀၈ ဧက၊ တိုက်နယ် ၈ တွင် ၁၁၂၄ ဧက၊ တိုက်နယ် ၉ တွင် ၄၈ ဧက၊ တိုက်နယ် ၁၀ တွင် ၁၂ ဧက၊ တိုက်နယ် ၁၁ တွင် ၆၄ ဧကနှင့် တိုက်နယ် ၁၂ တွင် ဧက ၁၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


