ကျောက်ဆည် ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးနှင့် တာဝန် ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာ၊ ပတ္တာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားများ စိုက်ပျိုးထားသည့်မိုးစပါး ဧက ၂၀ ရိတ်သိမ်းရာသို့ ကြည့်ရှု အားပေးခဲ့ရာ တစ်ဧကပျမ်းမျှ တင်း ၁၀၀ ထွက်ရှိကြောင်း သိရသည်။
စပါးခင်းများ ရိတ်သိမ်းရာ၌ နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ပံ့ပိုးထားသည့် သက်တံရောင် သမဝါယမဖွံ့ဖြိုးရေးစီမံကိန်းမှ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါစပါးခင်းများသည် ပတ္တာကျေးရွာ ကွင်းအမှတ် ၂၀၉(က)/ ၂၀၉(ခ)ကွင်းများမှ တောင်သူဦးသိုက်ထွန်း၏ လယ်မြေ သုံးဧက၊ ဦးကြည်စိုး၏ လယ်မြေ ငါးဧက၊ ဒေါ်စန်းစန်း၏ လယ်မြေ နှစ်ဧက၊ ဒေါ်တင်ဝင်း၏ လယ်မြေ နှစ်ဧက၊ ဦးလှိုင်မင်းသန်း၏ လယ်မြေလေးဧက၊ ဦးမြင့်နိုင်၏ လယ်မြေ နှစ်ဧက၊ ဒေါ်ခင်ဆွေဝင်း၏ လယ်မြေ နှစ်ဧက စုစုပေါင်း ဧက ၂၀ ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးစပါး စီမံကိန်းသီးနှံများကို အခြေခံသမဝါယမအသင်း ၁၂ သင်းမှ အသင်းသား တောင်သူများ၏ လယ်မြေဧက ၁၅၀၀ တွင် စိုက်ပျိုးထားကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


