ကျောက်ပန်းတောင်း  ၁၂  ဖေဖော်ဝါရီ    

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာရှိ ရှေးဟောင်းဘုရားစေတီ ပုထိုးများတွင် သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ပြုပြင်ရန်လိုအပ်လျက်ရှိသည့် ဘုရားစေတီပုထိုးများအား အဆင်ပြေစွာ ပြုပြင်မွမ်းမံ ပြင်ဆင်သွားနိုင်ရန် ရည်ရွယ်၍ ယခုလ ပထမပတ်က ပုဂံမြို့မှ ပရဟိတအဖွဲ့ဝင်များက စုပေါင်း၍ ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

1

 

2

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဖေဖော်ဝါရီ ၄ ရက်မှ ၇ ရက်အထိ ရှေးဟောင်း ဘုရားစေတီပုထိုးများရှိ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်းနှင့် အမှိုက်သရိုက် ကောက်ယူခြင်းများကို စုပေါင်းရှင်းလင်း ဆောင်ရွက်ကြပြီး ပြုပြင်ရန် လိုအပ်နေသည့် ယိုယွင်းပျက်စီးနေသော ဘုရားများရှိ အုတ်ရိုးအပိုင်းအစများကို စနစ်တကျ ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်မှ ဦးဆောင်ဆရာတော် ဦးပညာသာရက မိန့်ကြား၍ သိရသည်။ 

 

3

 

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပုဂံမြို့မှ ဆရာတော် ဦးတေဇဝံသ ဦးဆောင်သော ကုသိုလ်တော်ပရဟိတ သန့်ရှင်းရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်မှ ဆရာတော် ဦးပညာသာရ ဦးဆောင်သော ပရဟိတအဖွဲ့ဝင်များက ကျေးရွာရှိ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ အင်အား ၅၀ ခန့်ဖြင့် ညောင်ဦးမြို့ ရှေးဟောင်းသုတေသနဦးစီးဌာန၏ ခွင့်ပြုချက်ကိုရယူပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး) 

 

5