ကျောက်တံခါး ၂၆ ဖေဖော်ဝါရီ
လယ်ယာသုံးပစ္စည်းများ အထူးဈေးရောင်းပွဲတော်နှင့် စက်စွမ်းရည်ပြပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ခင်ကြီးစံပြကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ထွေးမှ အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်မိုးသီတာက လယ်ယာသုံးပစ္စည်းများနှင့် ပတ်သက်၍ အရောင်းကိစ္စများကို ရှင်းလင်းပြောကြားကာ ခင်ကြီးစံပြကျေးရွာမှ အရောင်းကိုယ်စားလှယ် ဦးသောင်းဆွေဝင်းက တောင်သူများအနေဖြင့် လယ်ယာသုံးပစ္စည်းများကို အရစ်ကျစနစ်ဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးနှင့် ပြပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် ဒေါင်ဖန်းထွန်စက်ကုမ္ပဏီမှ တာဝန်ရှိသူက အရောင်းပိုင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ လည်ကောင်း၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ကျောက်တံခါးဘဏ်ခွဲမှ တာဝန်ရှိသူက လယ်ယာသုံးပစ္စည်း ချိတ်ဆက်ရောင်းဝယ်မှု အခြေအနေများကို လည်ကောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါပြပွဲတွင် Dong Feng အမှတ်တံဆိပ် အရည်အသွေးမြှင့် လေးဘီးထွန်စက်များဖြင့် စပါးရိတ်သိမ်း ခြွေလှေ့စက်များနှင့် လယ်ယာသုံးပစ္စည်းများကို ပြပွဲလာတောင်သူကြီးများအား ခင်းကျင်းပြသ၍ လက်တွေ့စက်စွမ်းရည် ပြသခဲ့ကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


