နေပြည်တော် ၁၁ မေ
လူတစ်ဦး၏ အရည်အချင်း၊ ကိုယ်ရည်ကိုယ်သွေးကို ထိုသူ၏ မျိုးရိုးဗီဇထက် ထိုသူရှင်သန်ရာ ပတ်ဝန်းကျင်ကသာ ပြဋ္ဌာန်းသည်ဟူသော အယူအဆ တစ်ရပ်ရှိသည်။ ပတ်ဝန်းကျင်ဟုဆိုရာတွင် ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေများနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သင်ယူရသည့် ပညာရေး၊ ကျန်းမာရေး၊ အာဟာရဓာတ် ပြည့်ဝစွာစားသုံးရမှု၊ ဦးစီးခေါင်းဆောင်၏ အရည်အချင်းများ စသည်တို့ ပါဝင်သည်ဟုလည်း ဆိုထားသည်
တစ်ခေတ်တစ်ခါက လူမိုက်များ ထွက်ပေါ်ရာအရပ်အဖြစ် မိုက်ဂုဏ်ဖြင့် နာမည်ကြီးသော မြို့တစ်မြို့ရှိသည်။ ယောက်ျားလေးတစ်ဦး ဆယ်ကျော်သက်အရွယ် ရောက်လာသည်နှင့် အစ်ကို၊ ဦးလေး၊ ဘကြီး၊ ကာလသားခေါင်း စသူတို့က အရက်သောက်တတ်အောင် သင်ပေးကြသည်။ မဟုတ်မခံရန်၊ သည်းခံခြင်းမပြုဘဲ ချက်ချင်းလက်ငင်း တုံ့ပြန်ရန် သင်ပေးကြသလို လက်ယဉ်သူ၊ လက်မြန်သူများကိုလည်း ချီးကျူးကြသည်။ အပြင်အပသွားလာကြရာတွင် ယောက်ျားလေးတိုင်း ဓားတို၊ ဓားရှည်တို့ကို ဆောင်ကြသည်။ ပဋိပက္ခ ဖြစ်လာကြပါကလည်း ဥပဒေပြင်ပ နည်းလမ်းများဖြင့် ရှင်းကြသည်။ ယင်းသို့သော ပတ်ဝန်းကျင်မှ လူကောင်း သူကောင်းထက် လူဆိုးလူမိုက်များသာ အများအပြား ထွက်ပေါ်လာခဲ့သည်မှာလည်း သဘာဝကျလှသည်။
ထိုနည်းတူစွာပင် လူအများစုကြီးက စည်းမဲ့ကမ်းမဲ့ နေထိုင်ပြုမူ နေကြသည့်၊ ရိုးသားကြိုးစားသူအတွက် အခွင့်အလမ်းများ နည်းပါးနေသည့်၊ နည်းမှန်လမ်းမှန်ဖြင့်ဆိုလျှင် ခက်ခဲသလောက် လာဘ်ပေးလာဘ်ယူခြင်း နည်းလမ်းဖြင့်ဆိုလျှင် လွယ်ကူလျင်မြန်နေသည့်၊ တရားဥပဒေစိုးမိုးခြင်း ကင်းမဲ့ပြီး အာဏာပိုင်တို့ကသာ ထင်ရာစိုင်းနေသည့်၊ ပညာရေး ရေချိန်နိမ့်ကျနေသည့် ခေတ်ကာလ၊ ပတ်ဝန်းကျင်အခြေအနေမျိုးတွင် ရှင်သန်နေထိုင် ကြီးပြင်းခဲ့ရသူများ၏ ဘဝအမြင်၊ လောကအမြင်နှင့် ကိုယ်ရည်ကိုယ်သွေးတို့မှာလည်း ကောင်းမွန်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်။ အကောင်းမြင်စိတ် နည်းပါးသူ၊ မိမိကိုယ်ကျိုးကိုသာ ကြည့်မြင်သူ၊ ပြည်သူ့နီတိနှင့် ကျင့်ဝတ်တို့ခေါင်းပါးသူ၊ တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းတို့ကို အလွယ်တကူ ချိုးဖောက်တတ်သူများကသာလျှင် အများစုကြီးအဖြစ် ခေတ်ကာလက မွေးထုတ်ပေးခဲ့လိမ့်မည် ဖြစ်သည်။
ယင်းနှင့်စပ်လျဉ်း၍ “မူလတန်းကျောင်းတွေကစပြီး ပြည်သူ့နီတိဆိုတဲ့ ပြည်သူပြည်သားများရဲ့ တာဝန်တွေ၊ ဝတ္တရားတွေ၊ ကိုယ့်နိုင်ငံ တိုးတက်အောင်၊ ကိုယ့်ပတ်ဝန်းကျင် သာယာအောင်၊ ဘယ်လိုနေထိုင်ရမလဲ ဆိုတာကို သင်ပေးတဲ့အခါမှာ ဘာတွေ့ရသလဲဆိုတော့ ကလေးများသည် အင်မတန်မှ အတတ်မြန်ပါတယ်။ နားလည်မြန်တယ်။ မိဘတွေကို သင်ရတာ ခက်ပါတယ်။ နည်းနည်းပုံစံကျနေတော့ စိတ်ထားပြောင်းဖို့လည်းခက်တယ်။ အလေ့အကျင့်ပြောင်းဖို့လည်း ခက်တယ်။ သားသမီးတွေက ပြောပြတဲ့အခါမှာ လိုလိုချင်ချင်ပြောင်းလဲလာတာကို တွေ့ မြင်ရပါတယ်” ဟူ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေ ၉ ရက် မကွေးမြို့၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်များမှ ကောက်နုတ်၍ ဖော်ပြလိုပါသည်။ ဤသည်မှာ ခေတ်ကာလ ပတ်ဝန်းကျင်ကွာခြားသည့် မျိုးဆက်နှစ်ခုတို့၏ အရည်အသွေးကွာခြားမှု ဟူ၍လည်း ဆိုနိုင်မည်ဖြစ်သည်။
မိမိတို့နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ဦးတည်မျှော်မှန်း၍ တည်ဆောက်ကြရာတွင် မိမိတို့နိုင်ငံသူ နိုင်ငံသား၊ လူမျိုး၏ အရည်အသွေးကို ကောင်းသော အရည်အသွေးများဖြစ်လာအောင် ပြဋ္ဌာန်းနိုင်မည့် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာအောင် တည်ဆောက်ကြရန် လူတိုင်းတွင် တာဝန်ရှိသည်ဟူ၍ ရှုမြင်မိသည်။ ပတ်ဝန်းကျင်ကောင်းဟု ဆိုရာတွင် ရုပ်ဝတ္ထုပတ်ဝန်းကျင်ကောင်းနှင့်တကွ ယဉ်ကျေးမှုဓလေ့ စရိုက်ကောင်းများကိုပါ ထွန်းကားပြန့်ပွားအောင် ကိုယ်စီကိုယ်င တာဝန်ယူဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်နိုင်ကြပါစေကြောင်း။
မြန်မာ့အလင်း


