နေပြည်တော် ဒီဇင်ဘာ ၂၁

 

မြန်မာနိုင်ငံ၏ စားသုံးဆီလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပြည်ပမှ ဝယ်ယူရသည့် စားသုံးဆီပမာဏကို အထိုက်အလျောက် လျှော့ချနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် ရေတံခွန်ခြံနှင့် မလိဝမ်းခြံတို့၌ ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း ဆီအုန်းသီးနှံ ဧက -၁၀၀ စိုက်ပျိုးသွားမည်ဖြစ်ရာ အဆိုပါဆီအုန်း သီးနှံများအတွက် သုတေသနလုပ်ငန်းများကို စီမံဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) နှစ်ရှည်သီးနှံဌာနခွဲမှ သိရသည်။

 

“အခုလာမယ့် ၂၀၂၆ မိုးရာသီမှာ စိုက်ပျိုးသွားမယ့် ဆီအုန်းသီးနှံ ဧက-၁၀၀ အတွက် ပြည်ပက တင်သွင်းတဲ့မျိုးနဲ့ ပြည်တွင်းက စပ်မျိုးနှစ်မျိုးကို ယှဉ်ပြိုင်စမ်းသပ်ပြီး သုတေသနပြုနေပါတယ်၊ ဘယ်မျိုးက ကော့သောင်းမြို့ရဲ့ ရာသီဥတုရေမြေ‌ဒေသနဲ့ ပိုပြီးကိုက်ညီမှုရှိသလဲ၊ ဘယ်မျိုးက‌တော့ အထွက်‌ကောင်းမျိုးဖြစ်မလဲဆိုတာ စမ်းသပ်မှုပြုလုပ်ပြီး စီမံ‌ဆောင်ရွက်‌နေပါတယ်” ဟု စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) နှစ်ရှည်သီးနှံဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာ အေးက‌ ပြောသည်။

 

ယခုအခါ‌ ဆီအုန်းသီးနှံပင် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနပိုင် ခြံများအတွင်း ဧရိယာ ၂၈၇ ဒသမ ၆၅ ဧကတွင် သုတေသနလုပ်ငန်းများကို စီမံဆောင်ရွက်နေကြောင်း သိရသည်။

 

၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဌာနပိုင်ခြံများမှစိုက်ပျိုးသည့် ဆီအုန်းသီးနှံဧရိယာမှာ ၁၀၀၆၉ ဒသမ ၈၆ ဧကဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များစိုက်ပျိုးသည့် ဧရိယာသည် ၃၈၅၉၂၁ ဒသမ ၁၄ ဧကရှိပြီး တစ်နိုင်ငံလုံးအတွက် ဆီ‌ချောတန် ထွက်ရှိသည့်ပမာဏမှာ ၃၇၄၁၆ ဒသမ ၇၆ တန် စိုက်ပျိုးထုတ် လုပ်နိုင်ခဲ့ကြောင်းနှင့် ဆီအုန်းသီးနှံမှ အခြားနည်းသုံး (ဆပ်ပြာကုန်ကြမ်းဆီ) အဖြစ် တန် ၁၀၆၆၂ ဒသမ ၀၉ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ ဆီအုန်းသီးနှံပင်တစ်ပင်သည် ငါးနှစ်ပြည့်သည့် အချိန်မှစ၍ စီးပွားဖြစ်ခူးဆွတ်၍ ဆီထုတ်လုပ်နိုင်ပြီး ဆီအုန်းသီးနှံ အများဆုံးထွက်ရှိသည့်အချိန်သည် နှစ်စဉ် မေလနှင့် ဇွန်လ တို့ဖြစ်ရာ အနည်းဆုံးထွက်ရှိသည့် အချိန်မှာ ဩဂုတ်နှင့်စက်တင်ဘာလတို့ဖြစ်‌ကြောင်း၊ မြန်မာနိုင်ငံတွင် ဆီအုန်းသီးနှံ အဓိကစိုက်ပျိုးသည့်‌ဒေသမှာ တနင်္သာရီတိုင်း‌ဒေသကြီးဖြစ်ကြောင်း သိရသည်။

 

ဆီအုန်းသီးနှံသည် ဆီထွက်သီးနှံများအနက် တစ်ဧကဆီထွက်နှုန်း အ‌ကောင်းဆုံးနှစ်ရှည် ပင်တစ်မျိုးဖြစ်ပြီး မြေပဲ၊ နှမ်း၊ နေကြာတို့၏ တစ်ဧကဆီထွက်နှုန်း နှင့်နှိုင်းယှဉ်လျှင် ခြောက်ဆခန့် အထွက်နှုန်းပိုပြီး ကုန်ကျစရိတ်မှာလည်း ပို၍သက်သာကြောင်း သိရသည်။ 

 

ကိုပေါက် (ဥက္ကာမြေ)