ကျေးလက်လမ်းလည်း စွမ်းပါသည်

မြင့်စိုး(နတလ)

ပေါင်းလောင်း - ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲ

(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ် ပေါင်းလောင်း-ကြို့ပင်သာစစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါတံတားထိပ်မုခ်ဦး အနီး၌ ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။ ယင်းစစ်တောင်းမြစ်ကူးတံတားသည် အရှည် ပေ ၆၀၀ ရှိပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ နေပြည်တော်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသိန်း၊ အင်ဂျင်နီယာချုပ်များဖြစ်ကြသော ဦးကျော်ကျော်ထွေးနှင့် ဦးဇော်မိုးဦးတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ညွှန်ကြားရေးမှူး ဦးကျော်မိုးနိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်ဆွေ၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးပွင့်ဆန်းဦး၊ အငယ်တန်းအင်ဂျင်နီယာ-၄ ဦးဟိန်းမင်းသန့်တို့က ပြည်ထောင်စုရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန်ပုံငွေတို့ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြသည်။ တံတားချဉ်းကပ် လမ်းနှင့် မြေကြီးတာပေါင်တင်ခြင်း၊ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများကို နေပြည်တော်တာဝန်ခံ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဇော်၊ လယ်ဝေးခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လင်းအိအိမျိုး၊ လယ်ဝေးမြို့နယ် ကျေးလက်လမ်းမှ ဦးစီးအရာရှိ ဒေါ်ထက်ခိုင်စိုး၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးဣန္ဒြေစိုးသာတို့က တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။

ကျေးရွာပေါင်းများစွာ အကျိုးကျေးဇူးခံစားကြရမည်

စစ်တောင်းမြစ်ကူး ပေါင်းလောင်း-ကြို့ပင်သာ ပေ ၆၀၀ တံတားကြီး ပြီးစီးသွားပြီဖြစ်သည့်အတွက် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာ၊ အိမ်ခြေပေါင်း ၃၇၆၇ အိမ်၊ လူဦးရေ ၁၈၀၀၀ ကျော်တို့၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများအတွက်လည်းကောင်း၊ ယင်းကျေးရွာများရှိ စိုက်ပျိုးမြေဧက ၁၄၀၀၀ ကျော်မှ ထွက်ရှိလာသော စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ကြံအစရှိသည့် စိုက်ပျိုးသီးနှံများ တင်ပို့ ရောင်းဝယ်ဖောက်ကားရေးအတွက်လည်းကောင်း များစွာအကျိုးပြုလျက်ရှိကြောင်း တွေ့ရသည်။ ယင်းကျေးရွာအုပ်စု ကျေးရွာများထဲတွင် ပေါက်မြိုင်၊ နှစ်ဆောင်ပြိုင်၊ ရေလဲပေါက်၊ ညောင်ပင်အိုင်၊ အောင်သုခ၊ ရွှေပြည်သာ၊ မြိုင်သာယာ၊ ဟေမာန်၊ ဘုရားကုန်း၊ ဗောဓိကုန်း၊ ကြာကန်၊ ရွာသစ်၊ အောင်ချမ်းသာ၊ တဲကြီးကုန်း၊ အောင်စည်လာ၊ ဇီးကုန်း၊ အင်တိုင်းသာ၊ ဆီဆုံကုန်း၊ လက်ပံတန်း၊ သစ်ခေါက်ခွ၊  သစ်ကိုးပင်၊  သရက်ချောင်း၊  အောင်သပြေ၊ နနွင်းအိုင်၊ ကြိုးတန်း၊ ဘိုကတော် စသည့်ကျေးရွာများလည်း အပါအဝင်ဖြစ်သည်။ အဆိုပါတံတားကြီးကိုဖြတ်၍ ပေါင်းလောင်း-အင်တိုင်းသာ-ဇီးကုန်း-တဲကြီးကုန်းမှ တစ်ဆင့် ကရင်ပြည်နယ် ယာဒို၊ လိပ်သိုဘက်သို့ ခရီးဆက် နိုင်ကြောင်းလည်း သိရသည်။ ယခုတံတားသည် အရှည်ပေ ၆၀၀၊ တံတားအကျယ်ပေ ၂၀၊ လူသွား လမ်း တစ်ဖက်တစ်ပေစီ၊ သံကူကွန်ကရစ်ဘိုးပိုင်၊ သံကူကွန်ကရစ်ကြမ်းခင်း၊ သံကူကွန်ကရစ်ရက်မ တပ်ဆင်အသုံးပြုထားသော တံတားအမျိုးအစား ဖြစ်ပြီး ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းအလေးချိန် ၃၆ တန် ဖြစ်သည်။

ဒေသခံပြည်သူများနှင့် ဒူးတိုက်တွေ့ဆုံ

တံတားဖွင့်ချိန်က နာရီဝက်သာသာမျှသာ။ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က အမှာစကားပြောကြားသည်။ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ ပြီးလျှင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က တံတားကြီးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တံတားသစ်၏ ကမ္ပည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ဤမျှလောက်သာဖြစ်၏။ ယင်းအစီအစဉ်များအပြီး ရှင်းလင်းဆောင်တွင် နံနက်စာများဖြင့် တည်ခင်းဧည့်ခံသည်ကို စားသောက်ကြရင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က ဒေသခံပြည်သူများကို ခေါ်ယူစုဝေးစေကာ စိုက်ပျိုးမွေးမြူရေး အပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ မေးမြန်းဆွေးနွေးကြသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ၌ မျိုးကောင်းမျိုးသန့်များ၊  အထွက်တိုးမျိုးများ စိုက်ပျိုးကြရေး၊ မြေကို စနစ်တကျပြုပြင်ရေးနှင့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို အသုံးပြုကြရေး၊ စိုက်ပျိုးရေရရှိရေး၊ စိုက်ပျိုးရေးနည်းပညာများကို တိကျစွာလိုက်နာကျင့်သုံး ဆောင်ရွက်ကြရေး မှာကြား၍ မိမိတို့ဝန်ကြီးဌာနက ပံ့ပိုးကူညီပေးမည့်ကိစ္စရပ်များ၊ စိတ်တူကိုယ်တူ သမဝါယမအသင်း များဖွဲ့စည်း၍ စုပေါင်းဆောင်ရွက်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး၊ သီးနှံများ စိုက်ပျိုးရာတွင် ရာသီအလိုက် စဉ်ဆက်မပြတ် စိုက်ပျိုးကြရေး၊ နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ချထားပေးပြီး နွေစပါး၊ မိုးစပါး၊ ဆီထွက်သီးနှံများ စိုက်ပျိုးနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကာ သမဝါယမဦးစီးဌာနက ဆောင်ရွက်နေသော လယ်ယာများကို စုပေါင်းထွန်ယက်၍ ဝန်ဆောင်မှု ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများဖြစ်သည့် လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စက်ကိရိယာ ရောင်းဝယ်ရေးကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေမှုများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ဆောင်ရွက်ပေးနေသော ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး ပေးရေးနှင့် ဝင်ငွေတိုးရေးစီမံကိန်းဆိုင်ရာသင်တန်း ၂၆ မျိုးပို့ချ၍ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးက ပြောကြားရာတွင် မိမိဒေသ အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင် နေကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နေပြည်တော်၏ ဒေသထွက်ကုန်များကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးကို လည်း အစွမ်းကုန်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများကိုလည်း စွမ်းအားပြည့်အသုံးချရန် လိုကြောင်း မှာကြားပါသည်။ ယင်းနောက် အောင်သုခ၊ ပေါင်းလောင်း၊ အင်တိုင်းသာ၊ ရွှေပြည်သာကျေးရွာများမှ တာဝန်ရှိသူများက တင်ပြကြသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ မွေးမြူရေး၊ ကုန်ထုတ်လမ်းဖောက်လုပ်ပေးရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ပြန်လည် ရှင်းလင်းဖြေကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ တံတားဖွင့်ပွဲကို အကြောင်းပြု၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြဆွေးနွေးခွင့်ရကြသဖြင့် တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများက လည်း ကျေနပ်ဝမ်းသာ ပီတိဖြာနေကြသည်ကို သူတို့မျက်နှာများတွင် အထင်းသားတွေ့မြင်နေရသည်။ နေပြည်တော်တစ်ခွင်မှ စိုက်ရေးပျိုးရေး မွေးမြူရေးလုပ်ငန်းအကြောင်းများကို အားပါးတရ ဆွေးနွေးမေးမြန်းဖြေကြားနေကြသဖြင့် ယာယီအခိုက်အတန့်မှာ တံတားကြီးဖွင့်ပွဲကိုပင် မေ့လျော့သွားခဲ့ကြသည်။

ကျေးလက်လမ်းနှင့် ပေ ၅၀၀ အထက် တံတားကြီးများ

ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသည် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေအတွင်း ပေါင်းလောင်း-ကြို့ပင်သာ စစ်တောင်းမြစ်ကူးတံတား ပေ ၆၀၀ ကို တည်ဆောက်ခဲ့သည့် နည်းတူ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ခုံဆင့် ရွာသစ်နှင့် ခုံဆင့်ရွာဟောင်းကို ဆက်သွယ်ထားသော တာပိန်မြစ်ကူး ပေ ၅၀၀ တံတားကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်လျက် ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း၌ အင်တိုင်ကုန်း-စက္ကန့်လမ်းပေါ်တွင် ၅၃၆ ပေ အရှည်ရှိ ရေကျော်တစ်ခုကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်း၌ အိုးပြင်မဲရွာနှင့် အိုင်းမကျေးရွာတို့ကို ဆက်သွယ်ထားသော မန်းချောင်းတံတား ပေ ၆၀၀ ကို လည်းကောင်း တည်ဆောက်ပေးခဲ့ပြီးဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ပေးရန် လျာထားခဲ့သော၊ ခွင့်ပြုရန်ပုံငွေလည်း ချထားပေးပြီးမှ နယ်မြေလုံခြုံ ရေးအခြေအနေကြောင့် ပြန်လည်အပ်နှံခဲ့ရသော တံတားနှစ်စင်းလည်း ရှိနေပေသည်။ ယင်းတို့မှာ မြောက်ဦးမြို့နယ် တိန်ညို-သျှင်ကျော်လမ်းပေါ်ရှိ သရီချောင်းတံတား ပေ ၅၀၀၊ တောင်ကုတ်မြို့နယ် တန်းလွဲ ချောင်းကူးတံတား ပေ ၉၀၀ တို့ ဖြစ်ပေသည်။ စစ်တောင်းမြစ်ကူးတံတားဖွင့်ပွဲနေ့က နေပြည်တော်မြို့တော်ဝန်ကြီး ပြောကြားခဲ့သလို နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိလျှင် မည်သို့ ပင် ဆောင်ရွက်ပေးလိုသည့် စိတ်ရင်းစေတနာရှိနေစေကာမူ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အလှမ်းဝေးနေပေဦးတော့မည်။

ဆောင်ရွက်ပြီး လမ်း/ တံတားလုပ်ငန်းများ

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်မှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ပြန်လည်ရောက်ရှိလာချိန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်များအတွင်း ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်/ တိုင်းဒေသကြီးရန်ပုံငွေ၊ နေပြည်တော် ကောင်စီရန်ပုံငွေများဖြင့် လမ်း/ တံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကတ္တရာ ကွန်ကရစ်လမ်း ၁/၃ မိုင်၊ ကွန်ကရစ်လမ်း ၄၇၀/၅ မိုင်၊ ကတ္တရာလမ်း ၂၅၀/၂ မိုင်၊ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ၂၉/၅ မိုင်၊ ကျောက်လမ်း ၅၆၀/၀ မိုင်၊ ဂျင်း/ ဂဝံလမ်း ၄၃၇/၅ မိုင်၊ မြေသားလမ်း ၅၄၀/၃ မိုင်၊ မြေသားလမ်းချဲ့ခြင်းလုပ်ငန်း ၈၄/၁ မိုင်၊ ကွန်ကရစ်တံတား ၅၈၅ စင်း၊ ကြိုး/ ဘေလီ တံတား ၂၁ စင်း၊ ရေကျော် ၄၇ ခု၊ Box/ Pipe Culvert ၁၇၀၃ ခု၊ အခြားတံတားငယ်ပေါင်း ၁၀၂ စင်းတို့ ပြီးစီးခဲ့သည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနနှင့် သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့သည် ကျွန်တော့်အတွက် နေရာသစ်၊ ဌာနသစ်များဖြစ်နေသော်ငြား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဝန်ထမ်းများနှင့်မူ ၁၉၉၅ ခုနှစ်ကတည်းက ရေစက်ဆုံခဲ့ သည်ဟု ပြောရပါလိမ့်မည်။

နယ်စပ်/ စည်ပင်မှ အစပြုခဲ့သော သံယောဇဉ်

ကျွန်တော် မြင့်စိုး(နတလ)၊ နယ်စပ်/ စည်ပင်ဝန်ကြီးဌာနဟု ခေါ်နေကြသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနသို့ ၁၉၉၅ ခုနှစ်မှာ တပ်မတော်မှ ကူးပြောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ စည်ပင်သာယာရေးဦးစီးဌာနသို့ မရောက်ခဲ့ပါ။ နတလတည်းဟူသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနတွင် ၂၀၁၈ ခုနှစ်အထိ ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ လာရာလမ်းကို ပြန်လည် မှန်းဆကြည့်လိုက်သောအခါ ၁၉၈၉ ခုနှစ်မှာ နတလ လုပ်ငန်းကော်မတီအောက်မှာရှိခဲ့သည်။ ၁၉၉၄ မှာ နယ်စပ်/စည်ပင်ဝန်ကြီးဌာနကို စတင်ဖွဲ့စည်းသည်။ ၂၀၁၀ ပြည့်နှစ်အထိ နတလ၊ စည်ပင်သာယာရေး ဦးစီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနဆိုပြီး အတူနေခဲ့ကြရသည်။ ၂၀၁၁ တွင် စည်ပင်သာယာရေးဦးစီးဌာနမှ စည်ပင်အဖွဲ့များက ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးထံ လွှဲပြောင်းရောက်ရှိ သွားသည်။ နယ်စပ်ရေးရာဝန်ကြီးဌာနဟု အမည်ပြောင်းလဲသွားပြီး နတလနှင့် ပညာ/လေ့ကျင့်ကျန်ခဲ့သည်။ ၂၀၁၂ တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တစ်ခုတိုး၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနအောက်သို့ ရောက်လာခဲ့သည်။ တစ်ဖန် ၎င်းကျေးလက်ဦးစီးဌာနသည်ပင်လျှင် ၂၀၁၃ ခုနှစ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအောက်မှ မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ကို လွှဲပြောင်းပေးခဲ့ရသည်။ ဤတွင်ခရီးမဆုံးသေးပါ။ ၎င်းဦးစီးဌာနသည် ၂၀၁၆ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ ရောက်ရှိသွားပြန်ပါသည်။ စိုက်/ မွေး/ ဆည်အောက်တွင်ရှိနေသော ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အင်ဂျင်နီယာ များထဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် ညွှန်ကြားရေးမှူး ဒေါ်တင်မိုးမြင့်တို့ ဦးစီးသော အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်သို့ ၂၀၁၈ ခုနှစ်တွင် လွှဲပြောင်း ပေးခဲ့ရသည်။ ထိုမှ ၂၀၂၁ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပေါ်ပေါက်လာသောအခါ သမဝါယမဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့အပြင် ကျေးလက်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကိုပါ ပေါင်းစပ်ဖွဲ့စည်းပေးခဲ့ပါသည်။ ၎င်းပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကိုလည်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြန်လည်သွတ်သွင်း ဖွဲ့စည်းပေးခဲ့ပါသည်။ သည့်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ထိုအချိန်မှစ၍ ဦးစီးဌာနလေးခုဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ တင်ပြလိုရင်းမှာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရှိ ဝန်ထမ်းအချို့၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရှိ ဝန်ထမ်းအချို့တို့နှင့် ၁၉၉၅ ခုနှစ်ကတည်းက နယ်စပ်/ စည်ပင်ဝန်ကြီး ဌာနအောက်တွင် ရေစက်ဆုံခဲ့ပါသည် ဟူ၍…။ ဝန်ကြီးဌာနတွင် ဝန်ကြီးတာဝန် စတင်ထမ်းဆောင်ခဲ့ သော ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်လည်း ကွယ်လွန် ခဲ့ပြီ။ ဗိုလ်မှူးကြီးသိန်းညွန့်ဘဝဖြင့် စတင်ရောက်ရှိ လာသော ပြည်ထောင်စုဝန်ကြီး(ငြိမ်း)၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ(ငြိမ်း) ဦးသိန်းညွန့် သည်ပင်လျှင် မတ်လ ၁၇ ရက်နေ့တွင် ကွယ်လွန်ခဲ့ပေပြီ။

ဂုဏ်ယူပါသည် ကျေးလက်လမ်း

လမ်းနှင့်တံတားသည် နိုင်ငံ့အားဖြစ်ပါသည်။ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာတွင်လည်း ကျေးရွာချင်းဆက်လမ်းများ၊ တံတားများက အခရာကျနေပါသည်။ နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ ကျေးရွာတော်တော်များများတွင် လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ရန်၊ လမ်းများကောင်းမွန်ရန် လိုအပ်နေဆဲဖြစ်ပါသည်။ ယင်းလိုအပ်ချက်ကွက်လပ်ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဝန်ထမ်းများက အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေသည်ကိုလည်း မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သည်။ လူသာဓုခေါ် နတ်သာဓုခေါ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရနေသော ၎င်းတို့အတွက် အမြဲတမ်းဂုဏ်ယူလျက်။ ။