၂ နိုဝင်ဘာ
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် ကျေးလက်ရှင်ပြုနားသ အလှူများတွင် မပါမဖြစ် ယဉ်ကျေးမှုတစ်ခုမှာ ဖက်စိမ်းကွမ်းတောင် ဖြစ်သည်။ အမျိုးသမီးများ၏ စာရိတ္တ ကိုယ်ကျင့်တရား၊ အိန္ဒြေရှိမှု၊ အမျိုးအနွယ် စောင့်ထိန်းမှုစသည့် မြတ်နိုးတန်ဖိုးထားမှုများနှင့် ဆက်နွယ်နေသည့်အတွက် ကွမ်းတောင်ကိုင်အမျိုးသမီးများ၏ တန်ဖိုးမှာ လွန်စွာကြီးမားပါသည်။ ထိုအလေ့အကျင့်များအတွက် ရှေးယခင်ကပင် ကွမ်းတော်ကိုင် အမျိုးသမီး တစ်ဉီးသည် ရွာ၏ စံပြ အမျိုးသမီး တစ်ဉီးအသွင်ဖြင့် သတ်မှတ်ထားကြသည့်နည်းတူ၊ မြန်မာ့ယဉ်ကျေးမှူတစ်ခု အဖြစ်လည်း ယနေ့တိုင် အထင်အရှား ရှိနေသည်၊၊
ယခုနောက်ပိုင်း ကျေးလက်များတွင် ဖက်စိမ်းကွမ်းတောင်ကိုင် အမျိုးသမီးငယ်များ၏ တင်းကြပ်လှသည့် အစဉ်အလာစည်းကမ်းချက် အချို့ကို ဖြေလျော့ပေးထားသော်လည်း မိစုံဖစုံ ရှိခြင်းနှင့် အပျိုစင် ဖြစ်ခြင်းစသည့် စည်းကမ်းများကို တင်းကြပ်ထားဆဲဖြစ်သည်။
အဆိုပါကျေးရွာများအနက် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာ ရှင်ပြုနားသ အလှူလှည့်သည့် ဓလေ့တွင် ရွာရှိ အပျိုစင်တိုင်း ကွမ်းတော်ကိုင်နိုင်သည့် တန်းတူအခွင့်အရေးများကို ဖန်တီး ပေးထားလေသည်။ အလှူသို့ လိုက်ပါရန်အတွက် အပျိုအဖွဲ့ကို ကျေးရွာထုံးစံအတိုင်း ဖွဲ့စည်းထားသည်။ အလှူအတွက် တာဝန်ချထားမှုများကို တရားမျတသောမဲစနစ်ဖြင့် စုပေါင်းခွဲဝေ တတ်ကြသည်။ မဲနှိုက်ရာတွင် အပျိုစင်သည် ကွမ်းတော်ကိုင် မဲပေါက်ပါက မိစုံဖစုံမရှိလျင် အခြားသူတစ်ေယာက်၏ ပေါက်မဲနှင့် လဲ၍ကိုင်ဆောင် ရသည်။
အလှူလှည့်သည့်အတန်းတွင် အပျိုအဖွဲ့သည် ရောင်စုံပန်းကုံးကြီးကဲ့သို့ လှပကာ ကြည့်ရှုသူများကို ဖမ်းစားတတ်သည်။ အပျိုအဖွဲ့၏ ရှေ့ဆုံးတွင် ရွှေသင်္ကန်း၊ သင်္ကန်းကြီး၊ပိဋကတ်သုံးပုံ၊ ပရိတ်အိုး၊ ကံဆောင်အိုး၊ ဖက်ကွမ်းတောင်၊ ရွှေကွမ်းတောင် စသည်ဖြင့် ကျေးရွာထုံးစံများအတိုင်း သတ်မှတ်ထားကြလေသည်၊၊
ဖက်စိမ်းကွမ်းတောင်ပန်းတောင်သည် အလှူတစ်ခုတွင် မပါမဖြစ် ရိုးရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ အလှူကြီးများ တွင်သာမက ကျောင်းအလှူများတွင်ပါ ဖက်ကွမ်းတောင်ကို ထိုးတတ်ကြသည်။
ဖက်ကွမ်းတောင် တစ်ခုကို ငှက်ပျောဖက်၊ ဝါးချောင်းငယ်(တဲဆက်)၊ အက်နှင့်အက်ချည်၊ ချည်ဖြူချည်နီ၊ထန်းညွှန့်များ၊ ပန်းများကို အသုံးပြုကာ ရွှေရောင် ငွေရောင် သစ်သား ကလပ်တွင် ပုံဖော် ဖန်တီးကြသည်၊၊
ဖက်စိမ်းကွမ်းတောင်ပန်းတောင် ပြုလုပ်ရန် ငှက်ပျောဖက်ကို တစ်ရက် ကြိုတင်ခူးထားကာ အနည်းငယ် ပျော့သွားစေရန် ထားရှိမှ အထိုးရ လွယ်ကြောင်း ကွမ်းတောင်လုပ်ကိုင်သူ အမျိုးသမီးတစ်ဉီး၏ ပြောပြချက်အရ သိရသည်။ ထိုငှက်ပျောရွက်ကို ကြာမှောက် ကြာလန် စသည်တို့ ဖန်တီးရန်အတွက် ကန်တော့ထိုးကြသည်။ ယခင်က ဝါးချောင်းငယ်လေးများမှ ဝါးအကြောကို ရွေးချယ်ကာ ထိုးတတ်ကြသည်။ ယခုနောက်ပိုင်းတွင် အလွယ်တကူရရှိနိုင်သည့် အသင့်သုံးသွားကြားထိုး ဝါးချောင်းလေးများကို အသုံးပြုကာ ဖက်ဖြင့် ပြုလုပ်ထားသည့် ကန်တော့ငယ်လေးများကို စက်ဝိုင်းသဏ္ဍန်တွဲဆက်ကြသည်။ ထိုဖက်ကန်တော့ဝိုင်းကြီးကို ပိုမိချိတ်ဆက်မိစေရန် အက်နှင့် အက်ချည်ဖြင့်တွဲချုပ်ကာ ကြာမှောက် ၊ ကြာလှန်၊ စသည်တို့ကို ပြုလုပ်ကြသည်၊၊ထိုမှ ကလပ်ပေါ်တွင် တင်ကာ ဝါးချောင်းတစ်ခုကိုမဏ္ဍိုင်ပြုလုပ်ကာ အပေါ်တွင် ငှက်ပျောဖက် ကန်တော့ဖြင့် ပြန်အုပ်ရသည်၊၊ ထိုမဏ္ဍိုင်ကို ထိန်းရန်အတွက် ဖက်ကန်တော့ သုံးခုဖြင့် ပြန်၍ ထိန်းရသည်။ ထို့နောက် ချည်ဖြူ၊ ချည်နီစသည်တို့ဖြင့် ကွမ်းတောင်၏ ထိပ်နှင့် အောက်ခြေ တို့ကို ထိန်းညှိရသည်။ ထို့နောက် ထန်းရွက်နုလေးများကို ပန်းပွင့်များ ထိုးကာ ကွမ်းတောင်ကို အလှဆင်ကြသည်၊၊ အချို့စေတီပုံ ကွမ်းတောင်များတွင် နတ်လမ်းဟု ဒေသခံများ သတ်မှတ်ထားကြသည့် ကွမ်းတောင် အောက်ခြေနှင့် ထိပ်ပိုင်းကို ဆက်သွယ်ကာ ဖက်ဖြင့်အလှဆင်ထားသည် ကိုလည်းတွေ့မြင်နိုင်ပေသည်။ ထိုသို့အဆင့်ဆင့်ပြုလုပ်ပြီးပါက သေသပ် လှပသော ငှက်ပျောဖက်ဖြင့် အနုပညာမြောက်စွာ ပြုလုပ်ထားသည့် ကွမ်းတောင်ပန်းတောင်၊ လေးများကို ရရှိကြမည်ဖြစ်သည်။
ကွမ်းတောင်လုပ်သည့်နေရာတွင် ချည်ဖြူ၊ ချည်နီ အရေအတွက် ( ၁၁ ) ကြိုးဖြင့် ရစ်ထိန်းထားရသည်ဟုလည်း သိရပြန်သည်။ ထိုကွမ်းတောင်ထဲတွင် ကွမ်းရွက်၊ ဆေးရွက်ကြီး၊ လက်ဖက်တို့ကို ထည့်ထားရကြောင်း၊ အလှူလှည့်သည့် အချိန် မောင်ရှင်လောင်းများ ထူးခြားမှုတစ်ခုခု အနှောက်အယှက် တစ်ခုခုဖြစ်ပါက ထိုကွမ်းတောင် အတွင်းမှ ပါရှိသည်များကို အန္တရာယ်ကင်းစေရန် ကျွေးရကြောင်းနှင့်အလားတူ ကံဆောင်အိုးများအတွင်းရှိ ရေ(ပရိတ်ရေ)များကို တိုက် လေ့ရှိကြောင်း၊ အန္တရာယ်ကင်းစေကြောင်း ကိုင်ဆောင်သည့် အပျိုတော်များသည် မကွဲမပဲ့စေရန် မကျစေရန် ကရုစိုက်၍ကိုင်ဆောင်ရကြောင်း အလှူများတွင် ကွမ်းတောင်ပန်းတောင် လက်မှုအနုပညာဖြင့် လုပ်အားဒါနပြုပေးသူ အဖွားဒေါ်ရင်ကပြောပြသည်။
ရွှေကွမ်းတောင် ၊ ရွှေကွမ်းအစ်၊ ဟင်္သာစသည်တို့ကို အသင့်ပြုလုပ်ကာ ရွှေရောင် ငွေရောင်များ ဖန်တီးထားကြသော်လည်း အလှူတစ်ခုတွင် ဖက်စိမ်းကွမ်းတောင် ပါရှိမှသာ အလှူအထမြောက်သည်အထိ ကျေးလက်ဒေသများတွင် မပါမဖြစ် ပြုလုပ်ကြသည်၊၊အလှူရှင်မှ ဖက်ဖြင့် အနုပညာဖန်တီးသူကို ကြိုတင်၍ သေချာစွာ ဖိတ်ကြားရသည်။
မျက်မှောက်ခေတ် ကျေးလက်အလှူများတွင် ရှင်လောင်းတစ်ပါးလျှင် ဖက်စိမ်းကွမ်းတောင် တစ်ခု၊ ရှင်လောင်း ငါးပါးရှိပါက။ ဖက်စိမ်း ကွမ်းတောင် ငါးခု၊ ရှင်လောင်းအရေအတွက် လွန်စွာများပြားပါက အရေ အတွက် အလိုက်မဟုတ်တော့ပဲ ကွမ်းတောင် သုံးခုမှ ငါးခု သို့မဟုတ် ပို၍ ပြုလုပ်တတ်ကြသည်။
ကျေးလက်ဒေသရှင်ပြုနားသအလှူများတွင် ထိန်းသိမ်းထားမြဲဖြစ်သည့် ငှက်ပျောဖက်နှင့် ပြုလုပ်သည့် အနုပညာများဖြစ်သည့် ဖက်ကွမ်းတောင် အပါအဝင် ကန်တော့ပွဲများ ၊ ကံဆောင်အိုးများ ၊ပရိတ်အိုးများ ၊ ကွမ်းတောင်ပန်းတောင်များ စသည်တို့တွင် အနုပညာမြောက် ဖန်တီး ကြသည်ကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ရှေးယခင်ကပင် အစဉ်အဆက် အသုံးပြုခဲ့သည့် အထောက်အထားများလဲရှိခဲ့ပြီး မျိုးဆက်သစ်များကို လက်ဆင့်ကမ်းကာ ကိုယ့်လူမျိုးတို့၏ အဆင့်အတန်း၊ စိတ်နေစိတ်ထား၊ သဒ္ဓါတရား၊ စည်းလုံးညီညွတ်မှုနှင့် တီထွင်နိုင်မှုစွမ်းအားများစု ပေါင်းထားသည့် ဖက်ဖြင့် အနုပညာမြောက် ဖန်တီးထားကြသည့် ရိုးရာယဉ်ကျေးမှုများကို မပျောက် ပျက်ရန် ထိန်းသိမ်းသွားသင့်ပေသည်။
ဝေဖြိုးအောင်


