နေပြည်တော် အောက်တိုဘာ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယနေ့အထိ အိမ်သုံး/အများသုံး ဆိုလာစနစ်နှင့် အသေးစားဓာတ်အားစနစ်တို့ဖြင့် မဟာဓာတ်အားလိုင်း ပြင်ပ ဧရိယာ၏ ၃၅ ဒသမ ၆ ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်ခဲ့ပြီး စွမ်းအင်ကဏ္ဍစီမံခန့်ခွဲမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (ESMAP) လေ့လာချက်စစ်တမ်းများအရ စွမ်းအင်ရရှိမှု အဆင့် ၁ မှ ၅ အထိ ဖြည့်ဆည်းပေးနိုင်ခဲ့ကာ ယခုဘဏ္ဍာရေးနှစ်တွင်လည်း အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း (၁၀၄၀)၊ အိမ်ခြေပေါင်း (၄၈၇၅၁) အိမ်ကိုလည်းကောင်း၊ အသေးစားဓာတ်အားစနစ် စီမံကိန်းလုပ်ငန်း (၃)ခုကို ကျေးရွာ(၈)ရွာ အိမ်ခြေပေါင်း (၁၂၁၅) အိမ်ကိုလည်းကောင်း လျာထားဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃၆)တွင် ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး တက်ရောက်အမှာစကား ပြောကြားသည်။
ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးခြင်းနှင့် ပြည်သူအားလုံး ပါဝင်ရရှိခံစားနိုင်ရေးအတွက် အမျိုးသားအဆင့် ဘက်စုံ ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ၊ မဟာဗျူဟာများချမှတ်ပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များအသုံးပြုကာ မဟာဓာတ်အားလိုင်းပြင်ပစနစ် ကျေးလက်မီးလင်းရေး ကာလတို၊ ကာလရှည် စီမံချက်များ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ကုမ္ပဏီများအနေဖြင့် လာမည့်ဘဏ္ဍာရေးနှစ်များတွင် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ အသေးစားဓာတ်အားစနစ် စီမံကိန်းလုပ်ငန်းများနဲ့ပတ်သက်ပြီး လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို နည်းမှန်လမ်းမှန် ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းကောင်းများ အပါအဝင် အကြံကောင်းဉာဏ်ကောင်းများ ရရှိရေး အတွက် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာကြသောကုမ္ပဏီများက တက်တက်ကြွကြွ ပါဝင်ဆွေးနွေး ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က ကျေးလက် မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အသေးစားဓာတ်အားစနစ် ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော ကုမ္ပဏီ (၁၃) ခုမှ ကိုယ်စားလှယ် (၂၆) ဦးတို့က အဖွဲ့ (၅)ဖွဲ့ခွဲ၍ အိမ်သုံးဆိုလာစနစ်နှင့် အသေးစားဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းအကြံပြုချက်များ၊ အသေးစားဓာတ်အားစနစ်၏ စီမံကိန်း ထောက်ပံ့ငွေ သဘောတူစာချုပ်အပေါ် မြေပြင်အခြေအနေနှင့် လိုက်လျောညီထွေရှိစေရန် ပြင်ဆင်ဖြည့်စွက်လိုသည့် အချက်များကို ရှင်းလင်းဆွေးနွေး ကြသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က နိဂုံးချုပ် အမှာစကား ပြောကြားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အထိ (၆) နှစ်တာ ကာလအတွင်း အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း (၉၁၆၃) ရွာ၊ အိမ်ခြေပေါင်း (၄၁၈၃၆၃) အိမ်၊ အသေးစား ဓာတ်အားစနစ်ဖြင့် စီမံကိန်း လုပ်ငန်းပေါင်း (၁၂၆) ခု၊ ကျေးရွာပေါင်း (၁၆၂) ရွာ၊ အိမ်ခြေပေါင်း (၃၈၉၁၃) အိမ်၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးကာ စုစုပေါင်းကျေးရွာ (၉၃၂၅) ရွာ၊ အိမ်ခြေ ပေါင်း (၄၅၇၂၇၆)အိမ်၊ လူဦးရေ (၂ ဒသမ ၃)သန်းခန့်ကို အကျိုးပြုနိုင်ခဲ့ပြီး စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် ဘာသာရေးအဆောက်အဦ စသည်တို့ အတွက်လည်း အများသုံးဆိုလာစနစ် (၁၆၀၈၈) ခု၊ လမ်းမီးတိုင်ပေါင်း (၅၃၉၂၂)တိုင်ကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၁၃၃၈) ခု အတွက်လည်း လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
(သတင်းစဉ်)


