ပွင့်ဖြူ    ၁၄ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန်နှင့် အပူပိုင်းဒေသ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အထောက်အကူပြုနိုင် စေရန် ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် လေးအိမ်ကုန်းကျေးရွာတွင် ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဌာန၏ ခွင့်ပြု ရန်ပုံငွေကျပ် ၂၆ သိန်းဖြင့် မြေသားမိုးရေလှောင်ကန် တူးဖော်ဆောင်ရွက်ပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ  စိမ်းလန်းစိုပြည်ရေးဦးစီဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွေးထံမှ သိရသည်။ 

 

aaasx

 

“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဌာန ၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၆ သိန်းဖြင့် ပွင့်ဖြူမြို့နယ် လေးအိမ်ကုန်းကျေးရွာ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန် မြေသားမိုးလှောင်ကန် တူးဖော်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အဆိုပါ မြေသားမိုးရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းကိုတော့ ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီ လဆန်းပိုင်းမှာ စတင်တူးဖော်ခဲ့ပြီး လကုန်ပိုင်းမှာ ရာနှုန်းပြည့် တူးဖော် ပြီးစီးခဲ့ပါတယ်။ မြေသားမိုးရေလှောင်ကန် တူးဖော်ဆောင်ရွက်ပေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ဦးစီးဌာနရဲ့ အဓိကလုပ်ငန်းကြီး ၄ ခုရှိတဲ့အနက် တစ်ခုအပါအဝင်ဖြစ်တဲ့ ကျေးလက်ရေရရှိရေးလုပ်ငန်းအဖြစ် တူးဖော် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး တူးဖော်ပေးတဲ့ မြေသားမိုးရေလှောင်ကန်ရဲ့ အကျယ်အဝန်းက အလျားပေ ၁၀ဝ၊ အနံ ပေ ၅၀၊ အနက် ၆ ပေ ရှိပါတယ်။ ယခုလို မြေသားမိုးရေလှောင်ကန် တူးဖော်ပေးခြင်းဖြင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်လာစေခြင်း၊ သစ်တောပြုန်းတီးမှုကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေမှုများကို လျော့ချသွားနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျေးရွာရှိ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ကိုရရှိပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ စိတ်အေးချမ်းသာစွာ လုပ်ကိုင်ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ယခုနှစ်မှာ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ပြည်သူ့အကျိုးပြုလုပ်ငန်းအနေနဲ့ လေးအိမ်ကုန်းကျေးရွာအတွက် ဌာနခွင့်ပြုရန်ပုံငွေဖြင့် မြေသားမိုးရေလှောင်ကန် တူးဖော်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်လို့ ကျေးရွာရှိ အိမ်ခြေ ၁၀ဝ နီးပါးမှ လူဦးရေ ၄၄၄ ဦး အား (နွေ ၊ မိုး ၊ ဆောင်း) သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ကို အကျိုးပြုပေး နိုင်မှာဖြစ်ပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်ဝင်းထွေးက ပြောကြားသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)