ချောက်မြို့နယ်၌ ရေနံပိုက်လိုင်းကိုဖောက်၍ ရေနံခိုးယူသူ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့အား အရေးယူထား

နေပြည်တော် ဩဂုတ် ၇

 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်၌ ဩဂုတ် ၅ ရက်က ရေနံပိုက်လိုင်းကိုဖောက်၍ ရေနံခိုးယူသူ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့အား အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဩဂုတ် ၅ ရက် နံနက် ၉ နာရီခွဲခန့်တွင် ချောက်မြို့နယ် (၄)ရပ်ကွက် ရေနံမြေအတွင်းရှိ OB ပိုက်လိုင်းကိုဖောက်၍ ရေနံများခိုးယူနေကြောင်း သတင်းအရ ရေနံမြေလုံခြုံရေးဌာနမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ OB ပိုက်လိုင်းအား ဖောက်၍ ပီပါများအတွင်းသို့ ပိုက်ပျော့ဖြင့် သွယ်တန်းပြီး ရေနံပီပါများအတွင်း ထည့်နေသော အမှတ် (၄)ရပ်ကွက်နေ မဇာဖြူလဲ့ဝင်း (၄၂)နှစ်နှင့် အမှတ်(၆)ရပ်ကွက်နေ ဖိုးပြည့် (ခ) ပြည့်ဟိန်းကျော် (၂၉)နှစ်တို့နှစ်ဦးကို မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်သုံးစီး၊ ဂါလန် ၅၀ ဆံ့ ရေနံပီပါနှစ်လုံး၊ ၂၅ ဂါလန်ခန့်ပါ ရေနံအိတ် ၁၀ လုံး၊ ရေနံပီပါ အခွံ ၁၀ လုံး၊ ၁ လက်မ ပိုက်ပျော့ ပေ ၂၀၀ နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး မဲကြီး(ခ)ကျော်နိုင်ဦး၊ ညီညီနှင့် အောင်အောင်ဦးတို့ သုံးဦးမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် မဇာဖြူလဲ့ဝင်းပါ ငါးဦးကို ချောက်မြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့်လှစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ သုံးဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရဲပြန်ကြား