ချောင်းဆုံ ဒီဇင်ဘာ ၁၁
မွန်ပြည်နယ် အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် (ကွမ်သဲ) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ခရိုင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း ၁၁၁ ကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ချီးမြှင့်ငွေများ ပေးအပ်
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာနှင့် ပန်းဖွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား ကျောင်းသူများ၏ ပုံပြော၊ ကဗျာရွတ်ဆို၊ ကျပန်းစကားပြော၊ စကားရည်လုနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ဌာန ဆိုင်ရာပြခန်းများ၊ ကာယဉာဏ ပြိုင်ပွဲများကို လှည့်လည်ကြည့်ရှု အားပေးပြီး ပါဝင်ယှဉ်ပြိုင်ကြ သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ၏နောင်အနာဂတ် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကျောင်းသား လူငယ်များအား စာအုပ်စာပေကို နှစ်သက်မွေ့လျော်ပြီး စာဖတ်သည့် ဓလေ့၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝပြီး အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပြီး ပွဲတော်ကျင်းပနိုင်ရေးအတွက် ငွေကျပ်သိန်း ၇၀ ကို ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံ လည်းကောင်း၊ အခြေခံပညာ ကျောင်းများအတွက် သုတ၊ ရသ စာအုပ်များကို ပြည်နယ်ပညာရေး မှူးထံလည်းကောင်း၊ အခြေခံပညာ အထက်တန်းကျောင်း (ကွမ်သဲ) ဘင်ခရာနှင့် ပန်းဖွား အကအဖွဲ့ထံ ဂုဏ်ပြုငွေကျပ် သိန်း ၂၀ ကိုလည်းကောင်း ပေးအပ် လှူဒါန်းသည်။
ထို့နောက် အခြေခံပညာ အထက်တန်းကျောင်း (ကွမ်သဲ)နှင့် ရွာလွတ်စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံပညာ အထက်ကျောင်းမှ ကျောင်းသား ကျောင်းသူများက အမျိုးသား အက၊ “ရွာသာယာ” သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ချောင်းဆုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက စတုဒိသာ ကျွေးမွေးရန်အတွက် အလှူငွေများ ပေးအပ်ရာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


