ဝင်းကို(ဝင်း-ဝင်း-ရွာ)

ခြေလျင်တောင်တက်အားကစားသည် ပုံမှန်အားဖြင့် ဆိုလျှင် ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်ရှိသော အားကစား တစ်ရပ်ဖြစ်သည်။ မြင့်မားမတ်စောက်သော တောင်တန်း ကြီးများ၊ ခက်ခဲပြီး ရှည်လျားလှသော ခရီးလမ်းကြောင်း များ၊ ရေစီးသန်လှသော မြစ်ချောင်းများ ဆိုးရွားလှသော ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်တို့သည် စွန့်စားခြင်း ကို နှစ်သက်သော ခြေလျင်တောင်တက်အားကစားသမား များကို စိန်ခေါ်လျက်ရှိသည်။

 

လူသားနှင့် သဘာဝ တရားတို့၏ယှဉ်ပြိုင်ကြရသော အားကစားနည်းဖြစ်

 

အားကစားနည်းအမျိုးမျိုးရှိကြသည့်အနက် အခြား သောအားကစားနည်းများသည် လူသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယှဉ်ပြိုင်အနိုင်ယူရန် ကြိုးစားအားထုတ်ရသော ကစားနည်းများဖြစ်သော်လည်း ခြေလျင်တောင်တက်အားကစားနည်းမှာမူ တစ်မူထူးခြားစွာ လူသားအချင်းချင်းယှဉ်ပြိုင်ရသော အားကစားနည်း မဟုတ်ဘဲ ရေမြေတောတောင် ရာသီဥတု၊ သဘာဝ တရားကို ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ အဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွတ်မှုကို အရင်းတည်၍ လူသားနှင့် သဘာဝ တရားတို့၏ ယှဉ်ပြိုင်ကြရသော အားကစားနည်း ဖြစ်သည်။

 

ထိုသို့ခက်ခဲကြမ်းတမ်းသည့် သဘာဝတရားကို ယှဉ်ပြိုင်ခြင်းဖြင့် ခြေလျင်တောင်တက်အားကစားသမား များသည် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ် လာခြင်း၊ အတ္တမာနကို လျှော့ချနိုင်ခြင်း၊ ချစ်ခင်စည်းလုံး တတ်လာခြင်း၊ အများအတွက်ကြည့်မြင်တတ်သော စိတ်ဓာတ်များ ဖွံ့ဖြိုးလာခြင်း စသောအကျိုးတရားများ ရရှိလာသလို အခက်အခဲဟူသမျှကို မလျှော့သော ဇွဲသတ္တိတို့ဖြင့် ရင်ဆိုင်ကျော်ဖြတ်ကာ အောင်မြင်မှုကို ရယူလိုသော စိတ်ဓာတ်ကောင်းများကို ပြုစုပျိုးထောင် တည်ဆောက်ပေးနေသောကြောင့် လူငယ်လူရွယ်များ အတွက် ကာယ၊ ဉာဏ၊ စိတ်ဓာတ်စွမ်းအားမြင့်မားစေရန် လေ့ကျင့်ပေးနေသော အားကစားနည်းဖြစ်သည်။ ကိုယ်ခန္ဓာရုပ်ပိုင်းဖွံ့ဖြိုးရေးသာမက စိတ်အားသတ္တိကိုပါ ပျိုးထောင်ပေးနိုင်သော အားကစားနည်းဖြစ်သည်။

 

ခြေလျင်တောင်တက် အားကစားကြောင့်လည်း ဒေသကောင်းကျိုး၊ နိုင်ငံကောင်းကျိုးများ ရရှိသည်။ ကမ္ဘာအနှံ့တွင် ခြေလျင်တောင်တက်အားကစားကြောင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး နီပေါ နိုင်ငံသည် တောင်တက်ခရီးသွားများကြောင့် နိုင်ငံအတွက် အဓိကဝင်ငွေရလျက်ရှိသည်။ ဥရောပနိုင်ငံများတွင်လည်း တောင်တက်ခရီးသွားခြင်းမှာ လူတိုင်းအတွက် ရင်းနှီး သောအားကစားဖြစ်လျက်ရှိသည်။ ရေခဲတောင် များစွာရှိသော ဩစတြီးယား၊ နယူးဇီလန်တို့တွင် လူဦးရေ ထက်ဝက်ကျော်သည် တောင်တက်ခြင်းကို စိတ်ပါဝင်စား လေ့လာလိုက်စားကြသည်။ သူတို့နိုင်ငံ၏ စိတ်ဓာတ် အင်အားကို တောင်တက်အားကစားဖြင့် မြှင့်တင်ပေးလျက် ရှိသည်။

1254

လူသူအရောက်အပေါက်နည်း

 

မြန်မာနိုင်ငံသည်လည်း ရေမြေတောတောင် သဘာဝအလှအပတို့နှင့် ပြည့်စုံလှပလျက်ရှိသော နိုင်ငံ ဖြစ်ရုံမျှမကဘဲ အရှေ့တောင်အာရှနိုင်ငံအားလုံးထဲတွင် ရေခဲတောင်ရှိသော တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ အရှေ့ တောင်အာရှတွင် အမြင့်ဆုံးသောတောင်များသည် မြန်မာ နိုင်ငံတွင်သာရှိသည်။ ထိုသို့လှပသော သဘာဝအလှတရား များနှင့် ရေခဲတောင်တန်းများရှိနေသော်လည်း လူသူ အရောက်အပေါက်နည်းလှသည်။

 

လွန်ခဲ့သောနှစ်ပေါင်း ၆၀ ခန့်က မြန်မာနိုင်ငံမြေတိုင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံခြေလျင် တောင်တက်အသင်းချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးကြီး လှအောင် ဦးဆောင်ပြီး မြန်မာနိုင်ငံနယ်စပ် နယ်နိမိတ် သတ်မှတ်ခြင်း၊ တောင်တက်ခရီးစဉ်များ ရောက်ရှိခဲ့ခြင်း ကြောင့် တောင်တက်အဖွဲ့အချို့ တောင်ထိပ်များပေါ်သို့ ရောက်ရှိခဲ့ကြသည်။ သို့သော် ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း နှစ်ပေါင်း ၃၀ နီးပါး လူသူအရောက်အပေါက်မရှိသလောက် ဖြစ်ခဲ့ကြသည်။

 

၁၉၉၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ခြေလျင် တောင်တက်အသင်း၏ ဥက္ကဋ္ဌ ဦးမျိုးသန့် ဦးဆောင်ပြီး ဖွန်ဂန်ရေခဲတောင်၊ ၂၀၀၀ ပြည့်နှစ်တွင် အီမောဘွန်း ရေခဲတောင်တို့မှအစပြုပြီး နှစ်စဉ်နှစ်တိုင်း သွားလာရ ခက်ခဲကြမ်းတမ်းလှသော မြန်မာပြည်နယ်စပ် တစ်လျှောက်ရှိ ရေခဲတောင်တန်းများသို့ နှစ်စဉ် ခရီးစဉ် များ စီစဉ်သွားရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံခြေလျင် တောင်တက်အဖွဲ့ချုပ်အနေဖြင့်လည်း ရေခဲတောင်ခရီးစဉ် များကို သွားလာခဲ့ကြသည်။

 

ယခုဆိုလျှင် တောင်တက်သမားများသာမက ခရီးသွားဝါသနာပါသူများပင် ပူတာအိုဒေသရှိ သွားလာရ လွယ်ကူသော ရေခဲတောင်များကို လာရောက်လည်ပတ် လျက်ရှိကြရာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းတွင်ပင် ပူတာအို ဒေသ ဖွန်ဂန်ရေခဲတောင်သို့ ခရီးသွား ၃၀၀ ခန့် လာရောက်ကြောင်း သိရပေသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ရေခဲတောင် ဒေသများသို့ ခရီးသွားရာတွင် လိုက်ပါလိုသူ အထမ်း ဝန်ထမ်းရှားပါးခဲ့သော်လည်း ယခုအခါတွင် ဝင်ငွေ ရရှိခြင်းကြောင့် မိသားစုလူနေမှုအဆင်ပြေလာသည်ကို လက်တွေ့သိရှိခံစားလာရပြီဖြစ်သောကြောင့် အထမ်းဖြင့် ဝင်ငွေရှာခြင်း၊ လမ်းပြအဖြစ် ဝင်ငွေရှာခြင်း၊ ဒေသထွက် ပစ္စည်းများရောင်းချပြီး ဝင်ငွေရှာခြင်း၊ ရိုးရာလက်မှု

ပစ္စည်းများပြုလုပ်ပြီး ရောင်းချခြင်း၊ ခရီးသွားလုပ်ငန်းများ ချိတ်ဆက်လုပ်ကိုင်လာခြင်း၊ ဟိုတယ်များ၊ တည်းခိုခန်း များ ဖွင့်လှစ်လုပ်ကိုင်လာကြခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက် လာသလို ဒေသခံများ၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး များ တိုးတက်မြင့်မားလာကြခြင်း စသည်တို့တွင် ခြေလျင် တောင်တက်အားကစားက အထောက်အကူပြုလျက်ရှိ သည်ကို မျက်မြင်တွေ့မြင်နိုင်သည်။

 

အချုပ်အခြာနယ်မြေပိုင်နက် တည်တံ့မှုကို ကာကွယ်စောင့်ရှောက်ပေး

ထို့အပြင် ခြေလျင်တောင်တက်အားကစားသည် တိုင်းပြည်နိုင်ငံ၏ အချုပ်အခြာနယ်မြေပိုင်နက် တည်တံ့မှု ကို ကာကွယ်စောင့်ရှောက်ပေးနေသော အားကစားနည်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ မိုင်ထောင်ချီကာ အလွန်ရှည်လျားသော နယ်နိမိတ် တစ်လျှောက် ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်ပါသည်။ သို့ရာတွင် နယ်နိမိတ်တစ်လျှောက် အလွန်ခက်ခဲသော တောတောင်ရေမြေများကို ဖြတ်သန်းသွားလာရသော ကြောင့် လည်းကောင်း၊ နိုင်ငံ၏ဧရိယာနှင့်နှိုင်းယှဉ်လျှင် လူဦးရေနည်းပါးသောကြောင့်လည်းကောင်း၊ နိုင်ငံနှင့် နယ်နိမိတ်အစပ်ဒေသများသို့ နိုင်ငံသားများအနေဖြင့် အရောက်အပေါက်နည်းပါးလျက်ရှိသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော တရုတ်၊ အိန္ဒိယတို့သည် လူဦးရေအလွန်များပြားလှသော နိုင်ငံများဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း လူဦးရေအဆမတန် တိုးပွားလျက်ရှိသည်။

6547

မိမိပိုင်ဆိုင်ရာနေရာ အိမ်ခြံဝင်းပင်ဖြစ်သော်လည်း လူမနေသည်မှာ ကြာလာပါက ကျူးကျော်ဝင်ရောက် နေထိုင်သူများရှိလာနိုင်သည့် သဘာဝအတိုင်း မိမိနိုင်ငံ၊ မိမိပိုင်နက်ဟုဆိုသော်လည်း မိမိတို့နိုင်ငံသားများ မရောက်ရှိသည်မှာ ကြာလာပါက အခြားနိုင်ငံသားများ ကျူးကျော်ကာ သဘာဝတွင်းထွက်သယံဇာတများ တူးဖော်ထုတ်လုပ်ခြင်း၊ သစ်တောများ ခိုးယူထုတ်လုပ် ခြင်း စသည်တို့ မလွဲမသွေကြုံတွေ့လာရမည်ဖြစ်သည်။

 

ခြေလျင်တောင်တက်အဖွဲ့များအနေဖြင့် ရောက်ရှိရာ နယ်စပ်ဒေသရှိ တက်ရောက်ရာတောင်များတွင် နိုင်ငံတော် သီချင်းသီဆိုခြင်း၊ နိုင်ငံတော်အလံလွှင့်ထူထားခဲ့ခြင်း၊ မြန်မာဘာသာဖြင့် ကမ္ပည်းရေးထိုးခြင်းဖြင့် မြန်မာပိုင်နက် နယ်မြေဖြစ်ကြောင်း အမြဲတမ်းအသိပေးကြေညာနေခဲ့ကြ သည်မှာ ထုံးစံပင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် နိုင်ငံတော် ၏ နယ်မြေပိုင်နက်ကို ကာကွယ်ရန် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ဆိုသောအချက်ကို တောင်တက်သမား များက တစ်စိတ်တစ်ပိုင်း ထမ်းဆောင်နေခြင်းဖြစ်

သည်။

 

အချုပ်အားဖြင့်ဆိုရလျှင် ခြေလျင်တောင်တက် အားကစားသည် တိုင်းပြည်၏အနာဂတ်ဖြစ်သော လူငယ် လူရွယ်များကို ကာယ၊ ဉာဏ၊ စိတ်ဓာတ်စွမ်းအားမြင့်မား စေရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးနေသော အားကစား ဖြစ်ရုံသာမက ဒေသအကျိုး၊ တိုင်းပြည်အကျိုးစီးပွားကိုပါ မြှင့်တင်ပေးလျက်ရှိသည်နှင့်အတူ နိုင်ငံတော်၏အချုပ် အခြာနယ်မြေပိုင်စိုးမှုကိုပါ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင် သော အားကစားဖြစ်ပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။

ကြေးမုံ