မြင့်မောင်စိုး
နုဝမ်ဂေါင်ဗိုလ်တဲစခန်းမှ မထွက်မီ နံနက်စာကို ငါးသေတ္တာဟင်းနှင့်စားကြ၏။ ခရီးကကြမ်း၊ လမ်းကကြမ်း ဖြင့် ပင်ပန်းမှုကို တွန်းလှန်နိုင်ရန် နံနက်စာကို နေ့လယ်စာ နှင့်ပါပေါင်းပြီး အားဖြည့်စားသောက်ကြ၏။ လမ်းခရီးတွင် နေ့လယ်စာစားရဖို့ မသေချာ။ သို့အတွက် ဗိုက်ဆာသည်၊ မဆာသည် အပထား၊ ဝမ်းဝရေးသည် အဓိကဖြစ်သည်။ ဝမ်းဝမှ အားအင်ဖြစ်မည်။ အားအင်ဖြစ်မှ ခရီးဆက်နိုင် မည်။ ခရီးကြမ်းအတွက် အားမွေးရမည်။ ခရီးကြမ်း နှင်ဖို့ရာအတွက် အားမွေးစားသောက်ကြ၏။
ထိုအားမွေးစားသောက်ပြီးသည်နှင့် နုဝမ်ဂေါင် စခန်းမှ စတင်ထွက်ခွာရန် အထုပ်အပိုးများကို ပြင်ဆင်ကြ ရသည်။ စားရေရိက္ခာနှင့် လေးလံသောအထုပ်များကို လားနှင့်တင်ကြရသည်။ ထီး၊ မိုးကာ၊ ရေဘူး၊ စောင် တစ်ထည်နှင့် တစ်ကိုယ်ရေအသုံးအဆောင်များသာ ကိုယ်နှင့်တစ်ပါတည်းသယ်ဆောင်ကြရသည်။ လားအဖွဲ့က ခရီးပိုမိုဝေးသော ထလားလော်အထိ သွားမည်ဖြစ်သည်။ ဆရာ ဆရာမများနှင့် ကျွန်တော်တို့မီဒီယာအဖွဲ့က လော်ဒဲကျေးရွာ၌ ညအိပ်ရပ်နားရန် စီစဉ်ထားသည်။ သို့အတွက် စောင်တစ်ထည်နှင့် အရန်အဝတ်တစ်စုံကို ကိုယ်နှင့်တစ်ပါတည်း မဖြစ်မနေ သယ်ဆောင်ကြရသည်။
နုဝမ်ဂေါင်စခန်းမှ မထွက်ခွာမီ လမ်းခရီး၌ ဘေး အန္တရာယ်ကင်းရှင်းစေရန်အတွက် ဆရာဒိုင်ဇောင်းက ခရစ်ယာန်ဘာသာဖြင့် ဆုတောင်းပေးသည်။ ဆရာ ဒိုင်ဇောင်းသည် မြစ်ကြီးနားမြို့ခံတစ်ဦးဖြစ်သည်။ ခေါင်လန်ဖူးမြို့မှတစ်ဆင့် ဝေးလံခေါင်ဖျားသော လဂျာ ဆိုသောအရပ်သို့ မူလတန်းဆရာအဖြစ် သွားရောက် တာဝန်ထမ်းဆောင်မည့်သူဖြစ်သည်။ သူသည် ကျွန်တော် တို့အားလုံး ဝိုင်းဖွဲ့ထမင်းစားသောက်သည့်အခါတိုင်း၊ ခရီးစဉ်တစ်ခုစတင်သည့်အခါတိုင်း ခရစ်ယာန်ဘာသာဖြင့် ရွတ်ဆိုဆုတောင်းပေးလေ့ရှိသည်။ ထို့အပြင် ခရီးသွားဖော် များ၏ အလေးအပင်အထုပ်အပိုးများကို ဝိုင်းကူထမ်းပေး လေ့ရှိသည်။ လမ်းတစ်လျှောက် ရယ်စရာ မောစရာများ လည်း အလွန်ပြောတတ်ပြီး အားလုံးက ချစ်ခင်လေးစား ရသော ဆရာတစ်ဦးပင်ဖြစ်သည်။ သူသည် ဆရာအလုပ်ကို မလုပ်မီက ဆံပင်ညှပ်အလုပ်ကိုလည်း လုပ်ခဲ့သူဖြစ်၍ လမ်းခရီးတစ်ထောက် အနားယူသော ကျေးရွာများမှ ကလေးများကိုပင် ဆံပင်ညှပ်ပေးလိုက်သေးသည်။

ခရီးတွေက အတော်ကြမ်း
ဆရာဒိုင်ဇောင်းက ပြောပြသည်မှာ " ခရီးတွေက အတော်ကြမ်းတမ်းပါတယ်။ အသက်အန္တရာယ်အထိ တောင် စိုးရိမ်ရပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ မရောက်ဖူးတဲ့ဒေသတွေကို ရောက်တယ်။ တစ်ခါမှ မရောက်ဖူးတဲ့ ကချင်ပြည်နယ်ရဲ့ တောတောင်အလှတွေ ကို မြင်တွေ့ရလို့ ဒီဒေသကို ချစ်မြတ်နိုးမိပါတယ်။ ဒါကြောင့်လည်း ဒီဒေသကကလေးတွေကို ပညာတတ်တွေ ဖြစ်စေချင်ပါတယ်။ ဖြစ်အောင်လည်း စနစ်သစ်ရဲ့ သင်ယူမှု၊ သင်ကြားမှုနဲ့အတူ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲကြမ်းတမ်း တဲ့ခရီးဖြစ်ပါစေ ခေါင်လန်ဖူးဒေသက ကလေးတွေ ပညာ တတ်စေချင်တဲ့ စေတနာကတော့ ဘယ်အရာနဲ့မှ လဲလို့ ရတော့မှာ မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီခရီးဟာ အလွန်ခက်ခဲကြမ်းတမ်းလှကာ အသက်နဲ့ရင်းနှီးပေးဆပ်ပြီး လာခဲ့ရတဲ့ခရီးဖြစ်နေလို့ပါ"ဟု ပြောသည်။
ကျွန်တော်တို့ နုဝမ်ဂေါင်စခန်းကစထွက်တော့ နံနက် ၈ နာရီပင်ထိုးပြီ။ ချောင်းရေစီးဆင်းသံများ တဝေါဝေါ၊ တဖြောဖြော။ လေးဖက်လေးတန်မြင့်မားသော တောင်တန်း ကြီးများက ရှုမျှော်မဆုံး။ ရွှံ့ညွန်အထပ်ထပ်၊ ကျောက်တုံး ကျောက်ဆောင်အထပ်ထပ်ပြည့်နေသော တောင်တက်ခရီး ကြမ်းကို စတင်လေပြီ။ လူတိုင်းကိုယ်စီ တောင်ဝှေး တစ်ချောင်းစီကိုင်ထားသည်။ တောင်ဝှေးသည် ထိုတောင် တက်ခရီးအတွက် အတော်လေးအားကိုးရသည်။ ခြေထောက် နှစ်ချောင်းဖြင့်ထိန်း၍ လျှောက်မရသောနေရာတွင် တောင်ဝှေးနှင့် လှမ်းထောက်လိုက်သဖြင့် ရှေ့ကို ခြေလှမ်း အဆင်ပြေစွာ လှမ်းနိုင်သည်။ ရုတ်တရက် လဲမကျအောင် လည်း တောင်ဝှေးက ထိန်းထားနိုင်သည်။ တောင်ဝှေးသည် ကျွန်တော်တို့အတွက်တော့ ခြေထောက်တစ်ချောင်းပင် ဖြစ်သည်။ ထို့ကြောင့် တောင်တက်လာကြသူအပေါင်းတို့ သည် ခြေထောက်သုံးချောင်းနှင့် လူသားများဟုဆိုနိုင်သည်။
တောင်တက်ခရီးကြမ်းနှင်ခဲ့သည်မှာ အချိန်အတန် ကြာခဲ့ပြီ။ ခါးကုန်းသူကုန်း၊ ဒူးနှိပ်သူနှိပ်၊ လျှာထွက်သူထွက် အားလုံးက မောဟိုက်နေကြသည်။ ချွေးများပင် တစ်ကိုယ်လုံး စိုရွှဲလာသည်။ အလွန်မြင့်မားသော တောင်ထိပ်တစ်နေရာ အရောက်တွင် ခဏတာရပ်နားကြသည်။ ဧရာဝတီမြစ်၏ မိဘတစ်ဦးဖြစ်သည့် ` မေခကို လှပစွာ တွေ့လိုက်ရသည်။ မေခမြစ်သည် တောင်တန်းကြီးနှစ်သွယ်ကြားမှ ကွေ့ကာ ဝိုက်ကာ လှပစွာစီးဆင်းနေသည်ကို တောင်ထိပ်အပေါ်စီးမှ မြင်ရသည်။ ကျွန်တော်တို့အားလုံး မေခမြစ်ကြီးကို ကျောထောက်နောက်ခံထား၍ အမှတ်တရဓာတ်ပုံရိုက် ကြသည်။ အမောဖြေကြသည်။
မေခနှင့် မလိခသည် ဧရာဝတီကို မွေးဖွားရာ ဧရာဝတီ၏ မိဘများဟု ဆိုရပေလိမ့်မည်။ ထိုမေခနှင့် မလိခကို မွေးဖွား ပေးရာဒေသသည်ကား ပူတာအို၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ နောင်မွန်၊ ပန်နန်းဒင်၊ ဆွမ်ပရာဘွမ်ဒေသမှ မြင့်မားသော တောင်တန်းကြီးများ၊ ရေခဲတောင်များ၏ကျေးဇူးကြောင့် ပေတည်း။ တစ်နည်းအားဖြင့် ကချင်ပြည်နယ် ပူတာအိုဒေသ သည် ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသပင်ဖြစ်၏။ ဤရေဝေရေလဲဒေသရှိ တောတောင်ရေမြေ သဘာဝ အလှတရားများကို မပျက်မယွင်းအောင် ထိန်းသိမ်းထား နိုင်မှ ဧရာဝတီ၏အသက်သည်လည်း ဆက်လက်ရှင်သန် နိုင်ပေလိမ့်မည်ဟု အောက်မေ့မိသည်။
ဖူးလွမ်းရွာ
တောင်ထိပ်မှသည် တောင်အောက်သို့ တစ်ဖန် ပြန်ဆင်းရပြန်ပြီ။ ကုန်စည်များ တင်ဆောင်လာသော လားတစ်အုပ်လည်း ကျော်တက်သွားသည်။ ခြေမြန်သော ဆရာမသုံးယောက်လည်း တောင်အောက်သို့ ရောက်နှင့် ပြီကို တောင်ပေါ်တစ်နေရာမှ လှမ်းမြင်တွေ့ရသည်။
"အခုရောက်မယ့်ရွာက ဖူးလွမ်းရွာလို့ခေါ်တယ်။ အဲဒီမှာကျောင်းလည်းရှိတယ်။ ကျွန်တော်တို့ အဲဒီမှာ တစ်ထောက်နားကြမယ်"ဟု ကိုဂျေရဲဆာက ပြောသည်။ ဒေသခံများက ထိုရွာကို ဖိုးလုံးရွာဟုလည်း ခေါ်ကြသည်။ ကျွန်တော်တို့အဖွဲ့သည် တောင်ပေါ်မှ တောင်အောက်သို့ တဖြည်းဖြည်းဆင်းလာကြသည်။ ဖူးလွမ်းရွာရောက်ခါနီး ရွာအဝင်လမ်းတွင် ကျွန်တော်တို့အဖွဲ့ကို လာရောက် ကြိုဆိုသောရွာလူကြီးဆိုသူကို တွေ့ရသည်။ ရွာလူကြီး ဆိုသူမှာ အသက်အရွယ်အားဖြင့် ၄၀ ခန့်သာရှိမည်။ စွပ်ကျယ်အင်္ကျီချိုင်းပြတ်ဝတ်ဆင်ထားသည်။ မိုးတဖွဲဖွဲ ရွာနေသဖြင့် ဖိနပ်စီးလာခြင်းမရှိ။ ကျွန်တော်တို့အဖွဲ့ကို ရွာအတွင်းသို့ ဦးဆောင်ခေါ်သွားသည်။ ရွာကို တောင်ထိပ်၌တည်ထား၍ အတန်ကြာအောင် တောင်ပေါ် သို့ တစ်ဖန် ပြန်တက်ရပြန်သည်။
ခြေထောက်တွေ ကျွတ်ကိုက်
ရွာရောက်တော့ ရွာလူကြီးက အိမ်အပေါ်ထပ်၌ဧည့်ခံ မည်ဖြစ်၍ စီးလာသော တောစီးဖိနပ်များကို ချွတ်ရပြန် သည်။ ဆရာမများ ကိုယ်လက်သန့်စင်ဆေးကြော ကြသည်။
"အဲဒီမှာလုပ်ကြပါဦး။ ခြေထောက်တွေမှာ ကျွတ်တွေ တွယ်ထားလို့လုပ်ကြပါဦး"
ဆရာမနှင်းပွင့်က အော်ဟစ်အကူအညီ တောင်း သည်။ ဒေသခံအမျိုးသမီးတစ်ဦးက ကျွတ်များကို ဆွဲခွာ ပေးလိုက်သည်။
ခွာလိုက်သောနေရာမှ သွေးများ စီးကျလာသည်။ ထိုဆရာမကိုကြည့်ရင်း ကျွန်တော်လည်း ခြေထောက် ရေဆေးပြီး ဖိနပ်ကိုချွတ်သည်။ ခြေစွပ်အပေါ်မှ သွေးများ ပြည့်ပြီး တွဲလောင်းဖြစ်နေသော ပျော့ပျော့အိအိ ကျွတ်ကြီး တစ်ကောင် ခြေသလုံးကို အားရပါးရတွယ်ထားသည်ကို တွေ့ရသည်။ ကျွန်တော်လည်း ဖျတ်ခနဲ ဆွဲဖြုတ်လိုက်ရာ အပေါက်ကြီးဖြစ်နေပြီး သွေးများ စီးကျနေသည်။ တော်တော်နှင့်ပင် သွေးမတိတ်။
"ဒီအကောင်ကိုက်တာ တစ်ခုတော့ကောင်းတယ်။ မက်ကလောင်ခြစ်စရာမလိုဘူး"ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။
ခြေထောက်တစ်ခုလုံး သွေးများဖြင့် ပေကျံနေ သည်။ အကိုက်ခံရသောနေရာတွင် သွေးတိတ်အောင် ဖိထားပေးဖို့ ဒေသခံအမျိုးသမီးတစ်ဦးက စက္ကူလာပေး သည်။ စက္ကူဖြင့် အကိုက်ခံရသောနေရာကို ကြာကြာဖိထား လိုက်သည်။ ကျွန်တော် ကျွတ်ကိုက်သည့်နေရာကို ဖိကိုင်ရင်း အိမ်အပေါ်ထပ်သို့ လှေကားအတိုင်း တက် သွားရာ အိမ်အပေါ်ထပ်၌ လီဆူမိသားစုက ဧည့်ခံလျက်ရှိ သည်ကို တွေ့ရသည်။
လီဆူမိန်းမပျိုလေးများ
လီဆူမိန်းမပျိုလေးနှစ်ဦးအား မိသားစုဝင်များက ခြံရံလျက် ဆရာမများနှင့် မီဒီယာအဖွဲ့အား ဧည့်ခံသည်။ ထိုလီဆူအမျိုးသမီးလေးများမှာ လွန်စွာချောမောကြသူ များမဟုတ်။ အတန်အသင့်ရွက်ကြမ်းရေကျိုအလှမျိုး ဖြစ်သည်။ တောသူတောင်သားများပီပီ ဖြီးလိမ်းခြယ်သ ထားခြင်းမရှိ။ သို့သော် ရေမြေကိုလိုက်၍ အသားအရေမှာ ဝင်းဝါစိုပြည်နေသဖြင့် ကြည့်ကောင်းနေသည်။ ထိုမိန်းမပျို လေးနှစ်ဦးမှာ မီးခိုးတလူလူနှင့် မီးဖိုကြီးဘေးတွင် ဖင်ထိုင်ခုံ အသေးလေးများဖြင့် ကျကျနနထိုင်ပြီး ကျွန်တော်တို့ ဧည့်သည်များကို ရေနွေးကြမ်း၊ ကော်ဖီတို့ဖြင့် ဧည့်ခံ သည်။ မိသားစုဝင်များအားလုံးက ၎င်းတို့အား ဝိုင်းရံထား ကြသည်။ ဤသို့ဧည့်ခံခြင်းမှာ လီဆူတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုတစ်ရပ်ဟု ဆိုသည်။ ရိုးရာအစားအစာ တစ်မျိုးအဖြစ် ဒေသဆန်နှင့်ပြုလုပ်ထားသော မုန့်ဖြင့် ဧည့်ခံသည်။ ကျွန်တော်တို့ဆီက ပလာတာနှင့်တူသည်။ တစ်ခုစားထားလျှင် အဆာအလွန်ခံသည်ဟုဆိုသည်။ သို့သော် တစ်ခုကုန်အောင် မနည်းစားရသည်။ ထိုအစား အစာနှင့် ကော်ဖီ၊ ရေနွေးကြမ်းတို့သုံးဆောင်ပြီး စကား စမြည်ပြောကာ ခရီးဆက်ကြသည်။
ထိုကျေးရွာ၌ အိမ်ခြေ ၁၀ လုံးမျှသာရှိသည်။ သို့သော် မူလတန်းကျောင်းရှိသည်။ တောင်ပေါ်ကျေးရွာ များသည် မြေပြန့်မှာကဲ့သို့ အိမ်ခြေရာနှင့်ချီ၍မရှိ။ ဆယ်ဂဏန်းမျှသာရှိသည်။ စီးပွားရေးမှာလည်း ထူးထူးခြားခြားမရှိ။ အများအားဖြင့် လှေကားထစ်စပါး စိုက်ပျိုးခြင်းနှင့် တောင်ယာစပါးစိုက်ပျိုးခြင်းဖြင့် အသက် မွေးဝမ်းကျောင်းပြုကြသည်။ အများအားဖြင့် ခရစ်ယာန် ဘာသာကို ကိုးကွယ်ကြသည့် ကချင်မျိုးနွယ်စု လီဆူနှင့် ရဝမ်တိုင်းရင်းသားများ ဖြစ်ကြသည်။
ဖူးလွမ်းကျေးရွာမှအထွက် တောင်ကျရေတံခွန်ငယ် များကို တွေ့ရသည်။ ထိုတောင်ကျရေတံခွန်များမှ ရေအားကို အသုံးပြုကာ အလိုအလျောက်စပါးထောင်းပေးနိုင်သည့် ရေအားစပါးထောင်းမောင်းဆုံများကို တွေ့ရသည်။ ထိုရေအား မောင်းဆုံများကို ယနေ့ထက်တိုင် အသုံးပြုနေဆဲဖြစ် ကြောင်း သိရသည်။

ရီဒမ်းကြိုးတံတား
လှပသော တောင်တန်းကြီးများနှင့် လှေကားထစ်စိုက် ခင်းများသည် ဖူးလွမ်းကျေးရွာကို တစ်မျိုးတစ်ဖုံ အလှတိုး စေသည်။ ထိုကျေးရွာမှထွက်ခွာလာပြီး တစ်နာရီခွဲခန့် အကြာ ရီဒမ်းကြိုးတံတားသို့ရောက်သည်။ ယင်းကြိုးတံတား သည် ဂျစ်ကားကူးကြိုးတံတားကြီးဖြစ်သည်။ ၂၀၀၆ ခုနှစ် တွင် တိုင်းရင်းသားကုမ္ပဏီဖြစ်သော လပြည့်ဝန်းသတ္တု တူးဖော်ရေးကုမ္ပဏီက ငွေကျပ်သိန်းပေါင်း ၈၈၅၀ အကုန် အကျခံ ဆောက်လုပ်လှူဒါန်းခဲ့ရာ ၂၀၀၈ ခုနှစ် မေလ ၁၁ ရက်နေ့တွင် ဖွင့်လှစ်ကြောင်း၊ အရှည်အားဖြင့် ပေ ၃၆၀ ရှိကြောင်း၊ ခေါင်လန်ဖူးဒေသသို့သွားရောက်ရာတွင် ဒေသခံ ပြည်သူများနှင့် ဝန်ထမ်းများအတွက် အသက်သွေးကြော သဖွယ် အရေးကြီးသောတံတားကြီးဖြစ်ကြောင်း တံတား အနီး ကမ္ပည်းကျောက်စာတိုင်၌ ရေးသားဖော်ပြထားလေ သည်။ ယင်းတံတားကို ဆောက်လုပ်လှူဒါန်းသော လပြည့်ဝန်းကုမ္ပဏီသည် ယခု မဂွေဇ-ခေါင်လန်ဖူးလမ်းကို ဖောက်လုပ်နေသော ကုမ္ပဏီပင်ဖြစ်သည်။
လှပသော မေခမြစ်ကြီးနှင့် တောတောင်အလှအပ များကိုငေးမောရင်း ရီဒမ်းဂျစ်ကားကူးကြိုးတံတားကြီး ပေါ်မှ ကျွန်တော်တို့ ဖြတ်ကျော်ခဲ့ကြသည်။ ထိုမှတစ်ဖန် ကြမ်းတမ်းလှသော တောင်တက်ခရီးကြမ်းကို ဆက်ကြ ပြန်သည်။ ရီဒမ်းကျေးရွာရောက်အောင် အတော်ပင် ခရီးနှင်ခဲ့လေပြီ။ ရီဒမ်းကျေးရွာအဝင် ထိုင်စရာနေရာလေး တစ်ခုတွေ့၍ ခဏနားကြသည်။
"ခရီးတွေ အတော်ကြမ်းပါတယ်။ ခြေကျင်ခရီးထွက် လာတာ ဒီနေ့ကတော့ ဒုတိယမြောက်နေ့ပါ။ လမ်း တစ်လျှောက်မှာ အလွန်မြင့်တဲ့တောင်ကြီးတွေလည်း တက်ခဲ့တယ်။ ဒီကြားထဲ အထုပ်တွေ၊ အထမ်းတွေ ပါတော့ တော်တော်လေးကို ပင်ပန်းပါတယ်။ အသက် ထွက်လုမတတ်ပါပဲ။ ရွှံ့အိုင်ဗွက်အိုင်တွေထဲက ကျွတ်ကိုက် တာလည်း မပြောပါနဲ့တော့။ ခြေထောက်တွေမှာ သွေးတွေ စီးကျနေတာ မြင်မကောင်းပါဘူး။ ဒီလောက်ကြမ်းတဲ့ ခရီး တစ်ခါမှ မကြုံဖူးပါဘူး"ဟု မိုးမောက်မြို့မှ လာရောက် တာဝန်ထမ်းဆောင်သည့် ဆရာမ ဒေါ်စီစီခွန်ထွေးက ပြောသည်။

ဆရာမဒေါ်စီစီခွန်ထွေးမှာ ဖြတ်သန်းလာသော ခရီးကြမ်းအကြောင်းကိုပြောပြရင်း မျက်လုံးအိမ်မှ မျက်ရည်များပင် ဝဲလာသည်။ ကျလာတော့မည့် မျက်ရည်စ များကို ဘယ်ဘက်လက်အင်္ကျီစနှင့် ဖျတ်ခနဲ ဆွဲသုတ်လိုက် သည်။ ထိုနေရာမှ ခရီးဆက်ကြပြန်သည်။ အချိန်ကား နံနက် ၁၀ နာရီထိုးပြီ။ ရီဒမ်းကျေးရွာကိုမဝင်မီ ကျောင်းကို တွေ့၍ ဝင်ကြည့်ကြသည်။ ကျောင်းသားအချို့ ကျောင်း ထဲတွင် ထိုင်နေကြသည်။ အချို့ကလေးများမှာ ကျောင်း ရှေ့တွင် ဆော့ကစားနေကြသည်။ ဆရာ ဆရာမ ရောက်မလာသေးဟု ဆိုသည်။
"ဒီကျောင်းကို ကျွန်မရောက်လာတာ သုံးရက်ပဲ ရှိသေးတယ်။ ကျောင်းသားဦးရေတော့ အတိအကျမသိ သေးဘူး။ ၂၀ ကျော်လောက်ပဲ ရှိမယ်ထင်တယ်။ လေးတန်း ကတော့ နှစ်ယောက်ပဲရှိတယ်။ ဆရာအစုံအလင်မရောက် ကြသေးဘူး။ စုစုပေါင်း ဆရာ ငါးယောက်လောက်တော့ ရှိမယ်ထင်တယ်"ဟု မြစ်ကြီးနားမြို့မှ လာရောက်သော ဆရာမဒေါ်နွယ်နွယ်ထွန်းက ပြောသည်။ ရီဒမ်းကျေးရွာ အလယ်တန်းကျောင်းခွဲလေးသည် မေခမြစ်နံဘေးတွင် တည်ရှိပြီး အေးချမ်းသာယာလှသော စာသင်ကျောင်းလေး ဖြစ်သည်။
ရီဒမ်းကျေးရွာဗိုလ်တဲ
ရီဒမ်းကျေးရွာသို့ ဆက်လက်ခရီးထွက်ခွာလာကြရာ နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိသည်။ ရွာအဝင်ဝ ဗိုလ်တဲတွင် တစ်ထောက်နားကြသည်။ ဗိုလ်တဲမှာ လမ်းဘေးဈေးဆိုင်အိမ်ဖြစ်၍ ခရီးသွားများ ဝင်ရောက် အနားယူရာတွင် အဆင်ပြေလှသည်။ တောင်စောင်းဘေး တွင် နေစရာထိုင်ခုံစားပွဲလေးနှင့် ရေနွေးအိုးဓာတ်ဘူးကြီး တစ်လုံးအပြည့်ချထားပေးသည်။ ခရီးပန်းလာသော ဆရာ ဆရာမများ ရေငတ်ငတ်ဖြင့် ရေနွေးကို ပူပူလောင် လောင် တဖူးဖူးမှုတ်သောက်ကြသည်။ တဝေါဝေါစီးဆင်း နေသော မေခမြစ်ကိုကြည့်ရင်း ရေနွေးပူပူလေးသောက် လိုက်ရသည်မှာ အရသာရှိလှသည်။ မောပန်းလာသော ခရီးသည် အခိုက်အတန့်အားဖြင့် အမောပြေသွားသည်။
အမောဖြေရင်း ဟိုကြည့်ဒီကြည့် မျက်စိကစားလိုက် သည်။ နေအိမ်များကို တောင်ကမ်းပါးယံတွင် ဆောက် ထားကြသည်။ အိမ်ခြေမှာ မများလှ။ ဆယ်အိမ်ခန့်သာ ရှိမည်ထင်သည်။ ဒေသခံများ၏အပြောအရ ရီဒမ်းကျေးရွာ သည် ရွှေအလွန်ထွက်ကြောင်း သိရသည်။ ရွှေကျင်ခြင်း အလုပ်ကို လုပ်ကြသူများအဖို့ တစ်နေ့ ရွေး ၃၀ လောက် အထိရရှိနိုင်ကြောင်း သိရသည်။
ရီဒမ်းရွာမှ တဖြည်းဖြည်း ခရီးဆက်ထွက်ခဲ့ကြ သည်။ လမ်းခရီးတွင် ပူတာအိုမြို့မှ ဦးနာဂျစ်ကျောင်တူး ဆိုသူနှင့် တွေ့သည်။
"ကျွန်တော်တို့ဒေသမှာက ဆရာ ဆရာမတွေက မမြဲကြဘူး။ ခဏနေပြီး ပြန်သွားကြတာ များတယ်။ ကလေးတွေက မြန်မာစကားတောင် ကောင်းကောင်း မပြောတတ်ကြပါဘူး။ ဒီလိုနဲ့ပဲ လားမောင်း၊ တောင်ယာ လုပ်နဲ့ ဘဝတွေက ဆုံးနေကြတယ်။ အခုလို နိုင်ငံတော် ကနေ ဆရာ ဆရာမတွေ ခန့်ထားပေးလို့ ဝမ်းသာပါတယ် ဗျာ "ဟု ခရီးလမ်းတွင်ဆုံခိုက် ကျွန်တော်တို့အဖွဲ့ လာရောက်ရခြင်းအကြောင်းကိုမေးရင်း ဦးနာဂျစ် ကျောင်တူးက ပြောသည်။
ထိုမှဆက်လက်၍ တဖြည်းဖြည်း တအိအိ ဆက်လျှောက်လာကြရာ ညနေစောင်းသည့်အခါ လော်ဒဲ ကျေးရွာအနီး လားစခန်းသို့ရောက်သည်။ ဆရာဂျေရဲဆာနှင့် MRTV အဖွဲ့သားများ လော်ဒဲကျေးရွာတွင် တာဝန်ကျသော ဆရာမ နှစ်ဦးကို လိုက်ပို့ကြသည်။ လော်ဒဲကျေးရွာတွင် တာဝန်ကျသော ဆရာမများအား ကျေးရွာအုပ်ချုပ်ရေးမှူးက လာရောက်ကြိုဆိုသည်။
လော်ဒဲကျေးရွာတွင် တာဝန်ကျသော ဆရာမများ အနေဖြင့် ဆန်တစ်မျိုးသာ ဝယ်စားရမည်ဖြစ်ကြောင်း၊ ဆန်ကို ဒေသပေါက်ဈေး တစ်ဝက်ဈေးဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း၊ အခြားသော အသီးအရွက်များကို အခမဲ့ ပေးမည်ဖြစ်ကြောင်း၊ တောကောင်များရှိပါက ဆရာမများ အတွက် တစ်ပုံပေးရမည်ဖြစ်ကြောင်း လော်ဒဲကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။ သို့သော်လည်း ခေါင်လန်ဖူး ဒေသသည် ဆန်အလွန်ရှားပါးသည်။ ပူတာအိုတွင် ဆန် တစ်အိတ် ငွေကျပ် ၃၅၀၀၀ ဝန်းကျင်ပေးရသောဆန်ကို ခေါင်လန်ဖူးဒေသတွင် ကျပ်တစ်သိန်းအထက် ဈေးပေါက် နေသည်။ အစစအရာရာ ခေါင်လန်ဖူးကုန်ဈေးနှုန်းသည် မြေပြန့်ထက် သုံးဆပိုနေသည်။
လော်ဒဲကျေးရွာမှာ ရဝမ်ထူးလားစခန်းမှ အပေါ်ကို တစ်မိုင်ကျော်တက်ရသည်။ ထိုည လော်ဒဲကျေးရွာ၌ပင် သူတို့အိပ်ကြသည်။ ကျွန်တော်ကတော့ တောင်အောက် ရဝမ်ထူးချောင်းလားစခန်းရှိ ဈေးဆိုင်၌ပင် ညအိပ်သည်။ လားစခန်းဈေးဆိုင်ဟုဆိုသော်လည်း လော်ဒဲမှ ထလားလော် - ခေါင်လန်ဖူးသို့သွားရောက်ရာ လမ်းဘေးတွင်ရှိနေ၍ လားသမား၊ ဆိုင်ကယ်သမား ခရီးသွားစုံလင်လှသည်။ လားသမားများ လားများပေါ်မှ အထုပ်အပိုးဝန်စည်စလယ် များ ခဏဖြုတ်ချထားပြီး အနားပေးရာနေရာဖြစ်သည်။
လားဈေး
"လားတွေက ဆန်းလွတ်ချက်တောင်ခြေရင်းကနေ ခေါင်လန်ဖူးကိုသွားရင် ဒီနေရာမှာ တစ်ထောက်နားကြ တယ်။ ဒီမှာ မနားဘဲနဲ့ ထလားလော်မှာ နားတာလည်း ရှိတယ်။ လားတစ်ကောင်ကို အချိန်ပိဿာ ၃၀ လောက် တင်နိုင်တယ်။ လားတစ်ကောင်ကို တင်ခအနည်းဆုံး ခရီးတစ်ခု ကျပ် ၅၀၀၀၀ လောက်ပေးရတယ်။ လားဈေး ကတော့ နှစ်မျိုးရှိတယ်။ ပူတာအိုဘက်မှာသုံးတဲ့ လားကတော့ ဈေးနည်းတယ်။ ခြောက်သိန်းလောက်ပဲရှိတယ်။ ခေါင်လန်ဖူးမှာသုံးတဲ့ လားတွေကတော့ ဈေးများတယ်။ တစ်ကောင်ကို ကျပ် ၁၅ သိန်းလောက်ရှိတယ်။ တရုတ် လားတွေ၊ အကောင်လည်းကြီးတယ်၊ ကုန်လည်း ပိုနိုင် တယ်"ဟု ထလားလော်ကျေးရွာမှ လားမောင်းဆရာ ကိုအားတီက ပြောသည်။
ထိုနေရာသည် ဆိုင်ကယ်ကယ်ရီသမားများလည်း ရပ်နားရာနေရာ ဖြစ်သည်။ ရီဒမ်းကျေးရွာမှ ခေါင်လန်ဖူး အထိ ဆိုင်ကယ်စီးခ ကျပ် ၈၀၀၀၀ မှ ၁၀၀၀၀၀ အထိ ဈေးရှိကြောင်း သိရသည်။ သို့သော် တောင်ဆင်း၊ တောင် တက်ကြမ်းလွန်း၍ အများစုမှာ မစီးရဲကြပေ။ ခရီးကို အမြန် သွားလိုသောသူများသာ စီးကြသည်။
ထိုလားစခန်း၌ ကြိုးတံတားတစ်ခုနှင့် လှပသော ချောင်းတစ်ခုရှိသည်။ ကျောက်တုံးကျောက်ဆောင်များနှင့် ရေတံခွန်ချောင်းမှာ တဝေါဝေါစီးဆင်းလျက်ရှိသည်။ ထိုရေတံခွန်ချောင်း၌ပင် ခရီးသွားများရေချိုးကြသည်။ လားများကို ရေတိုက်အစာကျွေးကြသည်။
ကြိုးတံတား၏တစ်ဖက်တွင် လိုတရဆိုင်ကြီး နှစ်ဆိုင်ရှိသည်။ ဆိုင်ကယ်ပစ္စည်း၊ လားပစ္စည်း၊ တောစီး ဖိနပ်၊ စားစရာမုန့်မျိုးစုံနှင့် အချိုရည်ဘူးများ ရောင်းသည်။ သို့သော် ဈေးအလွန်ကြီးသည်။ မြေပြန့်တွင် ကျပ် ၅၀၀ ဖြင့် ရောင်းသော အချိုရည်ဘူးသည် ထိုဆိုင်များတွင် ကျပ် ၂၀၀၀ ဖြင့်ရောင်းသည်။ ထိုဆိုင်မှမဟုတ်၊ ခေါင်လန်ဖူး ဒေသရှိ အခြားသောဆိုင်များတွင်လည်း ထိုဈေးနှုန်း အတိုင်းပင်ဖြစ်သည်။
ထူးခြားချက်မှာ ထိုဆိုင်များတွင် နားစရာခုံတန်း လေးများနှင့် ရေနွေးအဖြူ၊ ရေနွေးကြမ်းတို့ကို ဓာတ်ဘူး ကြီးများဖြင့် ထည့်ထားပေးလေ့ရှိသည်။ ခရီးဝေးမှ လာသော ခရီးသွားများ၊ လားသမားများ၊ ဆိုင်ကယ်ကယ်ရီ သမားများ ခဏတာနားခိုရင်း အမောပြေသောက်ရန်ဖြစ် သည်။ ကျွန်တော်တို့အတွက်တော့ ထိုလားစခန်းလေးသည် အပန်းဖြေစခန်းဖြစ်သည်။ ကြိုးတံတား၊ လှေကားထစ်စိုက် ခင်းများ၊ တောင်တန်းကြီးများနှင့် ရေတံခွန်ချောင်းတို့ သည် အကောင်းဆုံးအပန်းဖြေစခန်းဖြစ်သည်။
ညနေပိုင်းတွင် ရေတံခွန်ချောင်းအတွင်း ရေခဲငါးဖမ်း ကြသူများ၊ ရေခပ်၊ ရေချိုးသူများ၊ လားရေတိုက်သူများဖြင့် စည်ကားလျက်ရှိသည်။ အနီးအနားကျေးရွာများမှ ဈေးဆိုင်လာရောက်ဖွင့်လှစ်သော ခေါင်လန်ဖူးဒေသ သမီးပျိုလေးများကိုလည်း ထိုရေတံခွန်ချောင်းအတွင်း ညနေရေခပ်ဆင်းချိန်၌ တွေ့ရလေ့ရှိသည်။ လုံးစမ်းဝမ် ကျေးရွာသူများဖြစ်ကြောင်း သိရသည်။
ခေါင်လန်ဖူးဒေသ သမီးပျိုလေးများမှာ တောတောင် များတွင်နေထိုင်ကြရသည့်တိုင် တောသူများနှင့်မတူကြပေ။ မြို့ကြီးသူများကဲ့သို့ ချောမောလှပကြသည်ကို သတိပြုမိ သည်။ တောင်တန်းနေသူများဖြစ်၍ မိန်းမပျိုလေးများသည် ပိန်ပိန်ပါးပါး၊ အသားဖြူဖြူ၊ ကျစ်ကျစ်လျစ်လျစ်ရှိလှသည်။ ရာသီဥတုသည် အေးမြသောသဘောရှိ၍ အသားအရေမှာ စိုပြည်လှပနေကြသည်။
ဈေးဆိုင်ကြီးတစ်ဆိုင်၌ ဈေးရောင်းနေသူတစ်ဦးမှာ လုံးစမ်းဝမ်ကျေးရွာမှ လီဆူတိုင်းရင်းသူလေးတစ်ဦး ဖြစ်သည်။ သူက ခေါင်လန်ဖူးတွင် တက္ကသိုလ်ဝင်တန်း အထိ ပညာသင်ယူခဲ့ကြောင်း၊ ပညာသင်တစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ခဲ့ရကြောင်း၊ သူ့လိုပင် ကျောင်းရပ်နားခဲ့ရ သော ကျောင်းသား ကျောင်းသူအများအပြားရှိကြောင်း သိရသည်။
ခေါင်လန်ဖူးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက် သုညဖြစ်ခဲ့သည်မှာ ပြီးခဲ့သည့်စာသင်နှစ်အပါ အဝင် ကိုးနှစ်ဆက်တိုက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ခေါင်လန်ဖူး စာစစ်ဌာနမှအောင်မြင်သော ကျောင်းသား ကျောင်းသူ ကိုးနှစ်အတွင်း တစ်ဦးတစ်ယောက်မျှမရှိကြောင်း သိရသည်။ ။
ကြေးမုံ


