၁၃ စက်တင်ဘာ

ခေတ်ဟောင်းမှ  ခေတ်ကောင်းဆီသို့  ပြောင်းလဲဖို့ဆိုလျှင်  မူကောင်း၊ ဝါဒကောင်း၊ စနစ်ကောင်းများနှင့်အတူ ခေါင်းဆောင်မှုကောင်း၍ အရည်အချင်းရှိရှိ အကောင်အထည်ဖော်နိုင်မည့်သူများလည်း လိုအပ်ပါသည်။

ခေတ်ဟောင်း၊ စနစ်ဟောင်း၏ အသားကျအရိုးစွဲနေသော လုပ်နည်း ကိုင်နည်းတို့အကြားတွင် ခေါက်ရိုးကျိုးနေသည့် အကောင်အထည်ဖော် နည်းများဖြင့် ခေတ်သစ်ကို မပြောင်းလဲနိုင်။

ယနေ့  အပြောင်းအလဲကောင်းများအတွက်    အားထုတ်ကြိုးကုတ် နေချိန်တွင်  ပြည်သူ့ကိုယ်စားလှယ်များသည်  နိုင်ငံရေးစိတ်စေတနာကောင်းများ၊ ပေါ်လစီကောင်းများ၊ မူဝါဒကောင်းများ ချမှတ်နိုင်မည်ဟု ယုံကြည်ပါသည်။          ထိုပေါ်လစီကောင်းများ၊        မူဝါဒကောင်းများကို ကောင်းမွန်မှန်ကန်သော၊ အောင်မြင်မှုရရှိသော အကောင်အထည်ဖော် နိုင်မှုများဖြစ်ရေးအတွက်    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ထိန်းကွပ် ဆောင်ရွက်နိုင်ရေးကလည်း လိုအပ်ပါသည်။

စနစ်ဟောင်းမှာ   ကျင်လည်ခဲ့ရသည်မှာ   အရိုးစွဲအသားကျနေပြီ ဖြစ်သည့်အတွက်   လုပ်ထုံးလုပ်နည်းအမှားများ၊  စီမံခန့်ခွဲမှုအလွဲများ၊ ပြည်သူ့ဘဏ္ဍာငွေသုံးစွဲရာတွင်   မမှန်ကန်မှု၊  အလွဲသုံးမှု၊  မရိုးသားမှုနှင့် အချင့်အချိန်ကို နားမလည်မှုတို့က ပျက်ယွင်းသည့်စနစ်ကို တည်ဆောက် မိလျက်သားဖြစ်ခဲ့သည်။

နေရာတော်တော်များများတွင်    မှန်ကန်သော   အဆုံးအဖြတ်နှင့် အကောင်အထည်ဖော်ဆောင်နိုင်မှုက  အလွန်ပင်  အားနည်းပျက်ပြားခဲ့ပေရာ မှားယွင်းမှုတို့က အထူးခိုင်မာနေတော့သည်။ ထိုပျက်ယွင်းမှုများကို ပြင်ဆင်ပြောင်းလဲရန်   ကြိုးစားတိုင်း   အရိုးစွဲနေ၊   အသားကျနေသော အလေ့အကျင့်ဟောင်းများနှင့်   ပဋိပက္ခဖြစ်ရလေသည်။  ယခုလိုအချိန် ကြာမြင့်မှားယွင်းခဲ့မှုများကို အချိန်တိုအတွင်း ပြောင်းလဲပြုပြင်ရသည့်အခါ သည်လိုထိပ်တိုက်ရင်ဆိုင်ရမှုများက များပြားနေမည်ဖြစ်သည်။

အထူးသဖြင့် အမှားပြင်ဆင်ရေးကို တက်ညီလက်ညီ ပြုပြင်ထူထောင် ကြရခြင်းမဟုတ်ဘဲ    အမှားမပြင်ဆင်လိုသူများ၊    စနစ်မှားအတွင်းမှာ ဆက်လက်နေလိုသူများက  တုံ့ဆွဲနေခြင်းများကလည်း  ခရီးဖင့်နေစေ မည်ဖြစ်သည်။  မိမိတို့၏  ကိုယ်ကျိုးစီးပွားထိခိုက်မှုနှင့်  ပွတ်တိုက်မှုများ ဖြစ်လာသည့်အခါ ခေတ်ပြောင်းစနစ်ပြောင်းကိုမလိုလား၊ ခေတ်ဟောင်း စနစ်ဟောင်းမှာသာ တရစ်ဝဲဝဲဖြစ်နေကြသူတို့က နောက်ပြန်ဆွဲချင်နေကြ ပေသည်။

ဤကဲ့သို့သော အသစ်အဟောင်းတို့ ပွတ်တိုက်တွန်းဆွဲမှုများနေသည့် ကာလတွင် အကောင်အထည်ဖော်မည့် ခေါင်းဆောင်များ၏ အခန်းကဏ္ဍက အရေးကြီးသည်။ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်ကို ခြုံငုံရှုမြင် နိုင်မှုနှင့်      သူ့နေရာနှင့်သူ      သင့်တော်သူများကို    တာဝန်ခွဲဝေပေးရန်၊ လုပ်ပိုင်ခွင့်များကိုလည်း      သတ်မှတ်ခွဲခြားရန်    အစရှိသည့်  စီမံခန့်ခွဲမှု စနစ်ကျလျှင်ကျသလို၊ ကောင်းလျှင်ကောင်းသလို  အောင်မြင်မှုများကို မြင်ကြရပါသည်။

အချို့သော ဌာနများဆိုလျှင် အစဉ်အဆက်က  လူထု၏ကဲ့ရဲ့မှုများ အောက်တွင် နေခဲ့ရာမှ ယခုအခါ သိသိသာသာ အရှိန်မြင့်မြင့်ဖြင့် တာဝန်ကျေပွန် အောင်မြင်လာနေပြီး   ပြည်သူတို့က  အားပေးချီးကျူးနေကြ သည်ကို တွေ့ မြင်နေရပါသည်။

ထို့အတူ မြို့ကြီးတို့၏ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် အချို့သော မြို့ကြီးများက  နိုင်နင်းသော  ခန့်ခွဲမှုအောက်တွင်    တိုးတက်မှုနှုန်းမြင့်မြင့်ဖြင့် ပိုမိုလျင်မြန် အရှိန်ရလာသည်တို့ ရှိနေပြီ။ မြို့ကြီးများအတွင်းရှိ မြို့နယ်ခွဲ များတွင်ပင်၊ အချို့သော မြို့နယ်ခွဲတို့က သိသိသာသာ တိုးထွက်အောင်မြင် လာသည်ကို ပြည်သူတို့က သတိပြုမိကြပါသည်။ ဤသည်တို့က ပြဿနာ အကြီးအငယ်၊ မူဝါဒ၊ ပေါ်လစီတို့ပေါ် သက်သက်တွင် တည်မှီသည်မဟုတ်ဘဲ အကောင်အထည်ဖော်သူတို့၏    စွမ်းရည်နှင့်  အင်အားတို့သည်လည်း အရေးပါသည်ကို ဖော်ပြနေပါသည်။

မူဝါဒ၊   ပေါ်လစီနှင့်   ပြောင်းလဲရမည့်  အခြေအနေအရပ်ရပ်နှင့်  ပြဿနာစုံတို့အကြားတွင် သင့်တော်သူများကို တာဝန်ပေးနိုင်ခြင်း၊ အရည်အချင်းရှိသူများကို   ရှာဖွေနိုင်၊  စုဆောင်းသိမ်းသွင်းနိုင်ခြင်းနှင့်  မိမိတို့ အကောင်ထည်ဖော်မည့် စီမံကိန်းများကို ပြည်သူလူထုက နားလည်လက်ခံအောင် စည်းရုံးဆွဲဆောင်နိုင်ခြင်းတို့ကလည်း  အောင်မြင်ခြင်းသော့ချက်များ ဖြစ်ပါလိမ့်မည်။

အဆင်းရဲဆုံးအခြေအနေမှသည် ပြေလည်တိုးတက်လာသည့် အဆင့်တစ်ဆင့်သို့ မြှင့်တင်ရန်မှာ ဇွဲလုံ့လ ဝီရိယကြီးကြီး၊ ဉာဏ်ပညာကြီးကြီး တို့နှင့်အတူ ပြည်သူလူထု၏ထောက်ခံမှုအင်အား၊ ညီညွတ်စည်းလုံးသော အင်အားတို့ကလည်း လိုအပ်မည်ပဲ ဖြစ်ပါသည်။

နိုင်ငံနှင့်    ပြည်သူလူထုအကျိုးစီးပွားကို      ညီညွတ်သော    ပြည်သူ့ အင်အား၊    ကဏ္ဍအသီးသီးက      ခေါင်းဆောင်အသီးသီးတို့၏    ရေရှည်မြော်မြင်သော  ဉာဏ်ပညာ၊   ရင့်ကျက်သော   သဘောထား၊   မှန်ကန် သော စေတနာတို့ဖြင့်သာ   တည်ထောင်နိုင်ကြပါမည်ဟု    တင်ပြလိုက်ရပါကြောင်း။

မြန်မာ့အလင်း