ဩဂုတ် ၂၈

ချက်နိုင်ငံအရှေ့ပိုင်းတွင် ဇူလိုင်လနောက်ပိုင်း ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၇၅ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကပြောကြားသည်။

ဩဂုတ် ၂၅ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာနှင့်နှိုင်းယှဉ်လျှင် သေဆုံးသူ ၁၂ ဦး တိုးလာသည်ဟု ကျန်းမာရေး အာဏာပိုင်များကဆိုသည်။ Ouaddai ပြည်နယ်တွင် သံသယလူနာ ၉၀၀ ကျော် ရှိသည်ဟု သိရသည်။

စက်တင်ဘာလအစောပိုင်းတွင် ထိုပြည်နယ်၌ ရက်သတ္တပတ်ကြာကာကွယ်ဆေးထိုး လှုပ်ရှားမှုပြုလုပ် မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ယမန်နေ့ကပြောကြားသည်။

အစိုးရအဖွဲ့အနေဖြင့် ရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး ဆောင်ရွက်ချက်များ အပါအဝင် ရောဂါပြန့်ပွားမှုကိုထိန်းချုပ်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

Ouaddai ပြည်နယ်ရှိ Dougui ဒုက္ခသည်စခန်းတွင် ဇူလိုင် ၁၃ ရက်က ပထမဆုံး ကာလဝမ်းရောဂါ ဖြစ်ပွားမှုကို ပထမဆုံးတွေ့ရှိပြီးနောက် ဆူဒန်ဒုက္ခသည် ၂၀၀၀၀ ခန့် လက်ခံထားသည့် စခန်းတွင် ကာလဝမ်းရောဂါနှင့် ဆက်စပ်သည့်သေဆုံးသူ လေးဦးရှိကြောင်း သိရသည်။

ဆူဒန်တွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှု မြင့်တက်လာနိုင်ပြီး ဆူဒန်မှ ထောင်နှင့်ချီသော ဒုက္ခသည်များကို လက်ခံထားသော ချက်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ ပျံ့နှံ့သွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဇွန်လက သတိပေးပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို