အောင်ကြည်မိုး(စစ်တွေ)
ခမီတိုင်းရင်းသားသည် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ဖြစ်၏။ ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားပြီးလျှင် ဒုတိယအများဆုံး တိုင်းရင်းသားမျိုးနွယ်စုဝင် ဖြစ်သည်။ ရခိုင်ပြည်နယ်၌ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့ စသည်တို့တွင် အများဆုံး နေထိုင်နေကြပြီး လူဦးရေ ငါးသောင်းခန့် နေထိုင်လျက် ရှိနေသည်။ ခမီတိုင်းရင်းသားတို့၌ အိမ်တက်မင်္ဂလာနှင့် သမက်တက်မင်္ဂလာတို့ကို ခမ်းနားစွာ ကျင်းပလေ့ရှိကြပြီး သေသူကို မြေမြှုပ်သင်္ဂြိုဟ်ခြင်း မပြုလုပ်ကြဘဲ မီမီးသင်္ဂြိုဟ် ကြသည်။
နှစ်စဉ်ကျင်းပ
ခမီအမျိုးသားနေ့သည် ဧပြီ ၂၇ ရက်နေ့ ဖြစ်သည်။ ခမီတိုင်းရင်းသားလူမျိုးတို့၌ မိုးဦးကျ လယ်ယာလုပ်ငန်းခွင် မဝင်ရောက်မီ ရိုးရာဓလေ့ဖြစ်သည့် ကောက်ဦးချပွဲတော် ကို နှစ်စဉ်ကျင်းပကြသည်။ ခမီတိုင်းရင်းသားများ၏ ကောက်ဦးချပွဲတော်ကို ကဆုန်လပြည့်ကျော်(၁၂) ရက် နေ့ ကျရောက်ချိန် နှစ်စဉ်နှစ်တိုင်း ကျင်းပ ကြခြင်းဖြစ်သည်။ ၂၀၁၉ ခုနှစ် ခမီတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ဖြစ်သည့် ကောက်ဦးချပွဲတော်ကို ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လောင်းရှည်ကျေးရွာ၌ (ကဆုန်လပြည့်ကျော် (၁၂) ရက် နေ့) မေ ၃၁ ရက် နံနက် ၉ နာရီက စည်ကားစွာ ကျင်းပခဲ့ကြသည်။ ကောက်ဦးချပွဲတော်ကို ခမီလူမျိုး များနေထိုင်ရာ ဒေသများ၌ အလှည့် ကျနှစ်စဉ်ကျင်းပနေ ကြခြင်း ဖြစ်သည်။
ယခုနှစ် ခမီတိုင်းရင်းသားတို့၏ ရိုးရာကောက်ဦးချ ပွဲတော်အား မြောက်ဦးမြို့ လောင်းရှည်ကျေးရွာမှ ဒေသခံ ရွာသားဖြစ်သူ လယ်ပိုင်ရှင် ဦးဖြူထွန်း၏ လယ်ယာမြေတွင် ရိုးရာအစဉ်အလာကို နားလည်သူ ရပ်ရွာလူကြီးများက မျိုးစပါးများကြဲ၍ ကျင်းပခဲ့ကြသည်။ ခမီတိုင်းရင်းသားတို့၌ ကောက်ဦးချပွဲတော် ကျင်းပနေရခြင်းမှာ သီးနှံစိုက်ပျိုးချိန် တွင် အနှောင့်အယှက် ဘေးအန္တရာယ်များ မကျရောက် စေရန်နှင့် လယ်ယာမြေများ၌ သီးနှံများအထွက်တိုးအောင် လယ်စောင့်နတ်နှင့် နတ်ကောင်းနတ်မြတ်များအား စောင့်ရှောက် ပေးရန် ရည်ရွယ်၍ ခမီတိုင်းရင်းသားများ၏ ရိုးရာထုံးတမ်းစဉ်လာအတိုင်း ဆုတောင်းပြီး ကောက်ဦးချ ပွဲတော်ကို ကျင်းပနေကြသည်။ ကောက်ဦးချပွဲတော် တက်ရောက်လာသူများအား ဒေသခံလယ်ပိုင်ရှင်များက ခမီရိုးရာအစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးကြသည်။
ဦးဦးဖျားဖျား ပူဇော်
ခမီတိုင်းရင်းသားတို့၌ ကောက်ပဲသီးနှံများ ရိတ်သိမ်း ပြီးစီး၍ သီးနှံပေါ်ချိန်တွင် ရခိုင်တိုင်းရင်းသားများနည်းတူ မိမိတို့လယ်ယာမြေမှ ကောက်ဦးကောက်ဖျား ပထမဆုံး ထွက်ရှိလာသည့်စပါးကို ရိတ်သိမ်းကြိတ်ခွဲ၍ ဆွမ်းအဖြစ် ချက်ပြုတ်ပြီး ရိုးရာကောက်သစ်စားပွဲကို ပြုလုပ်ကြသည်။ သီးနှံများဖြစ်ထွန်းအောင်မြင်ကြောင်း အထိမ်းအမှတ် အဖြစ် ကောက်ဦးဆန်ကို မိမိတို့ ဦးစွာမစားဘဲ မြတ်ဗုဒ္ဓ အား အာရုံပြု၍ ရဟန်းသံဃာအပေါင်းနှင့် လူကြီးမိဘ၊ ဆရာသမားများအပါအဝင် အားလုံးကို ပင့်ဖိတ်ကာ ကောက်သစ်စားပွဲပြုလုပ်ကြခြင်းဖြစ်သည်။ သို့ဖြစ်၍ ခမီ တိုင်းရင်းသားလူမျိုးများ၌ မိုးရာသီ လယ်တောထဲမဝင်မီ ကောက်ဦးချပွဲပြုလုပ်ကြသလို လယ်ယာမြေမှ ကောက်ပဲ သီးနှံထွက်ရှိလာချိန်တွင်လည်း ကောက်သစ်ဆန်ကို ဗုဒ္ဓ ဘုရားရှင်အား ဦးဦးဖျားဖျား ပူဇော်ကြသော ကောက်သစ် စားပွဲကို ရွာလုံးကျွတ် ကျင်းပနေကြကြောင်း တင်ပြလိုက်ရ ပါသည်။


