၂ သြဂုတ်


ခြင်တွေက စိတ်ရှုပ်စရာကောင်းပါတယ်၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ ဆင်ခြေထောက်ရောဂါတို့လို ဆိုးရွား ပြင်းထန်တဲ့ ရောဂါတွေ ကူးစက်ရရှိနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်လို့ လူတိုင်း လက်ခံထားပါတယ်။ ခြင်မကိုက်အောင် ကာကွယ်ဖို့က နည်းလမ်းအမျိုးမျိုးရှိပေမယ့် တချို့က ဘာနည်းလမ်းမှမသုံးဘဲ ယပ်လေးခတ်ပြီး မောင်းထုတ်ရုံ၊ လက်နဲ့တဖြန်းဖြန်းရိုက်ရုံ၊ စောင်ခေါင်းမြီးခြုံထားရုံနဲ့ ခြင်အန္တရာယ် ကာကွယ်နိုင်မယ်လို့ ထင်နေကြပါတယ်။ ခြင်ဆေးမသုံးတာ အန္တရာယ်ကင်းတယ်လို့ တွေးပြီး ခြင်ကိုက်ခံပစ်လိုက်တာမျိုးလည်း ရှိပါတယ်။ ခြင်တွေကို သွေးလှူတာ ကုသိုလ်ရတယ်လို့တောင် ပြောကြပါသေးတယ်။
အမှန်က ခြင်ကိုက်ခံရရင် သွေးစုပ်ခံရတာ၊ ခြင်ကိုက်ဖုထွက်တာထက် ပိုအန္တရာယ်များပြီး အသက်ပါ သေစေနိုင်တဲ့ ရောဂါပိုးတွေရရှိနိုင်တာ ပိုကြောက်ဖို့ကောင်းပါတယ်။ ဘေးပတ်ဝန်းကျင်မှာ ခြင်ပေါက်ဖွားမှု ကာကွယ်ရေးတွေမလုပ်တဲ့အပြင် ခြင်ဆေးသုံးတာနဲ့ ပတ်သက်ပြီး တလွဲအယူအဆတွေနဲ့ ကြောက်ရွံ့ နေတာထက် ခြင်အန္တရာယ်နှိမ်နင်းနိုင်မယ့်နည်းလမ်းတစ်ခုခုကို အသုံးပြုသင့်ပါတယ်။


အဲဒီတော့ ခြင်ဆေးခွေထွန်းမလား၊ အိမ်တွင်းထောင့်တွေနဲ့ အိမ်ပြင်ဝန်းကျင် ခြင်ဆေးဖျန်းမလား၊ အိမ်ထဲမှာ ဆေးရည်ပါ ခြင်ပြေးစက်သုံးမလား နည်းလမ်းမျိုးစုံရှိတယ်။ ဉာဏ်ရှိသလို သုံးဖို့တော့လိုပါတယ်။ နည်းစနစ်တကျ အသုံးချရင် ဘေးဥပါဒ်မရှိဘဲ ခြင်အန္တရာယ်ကင်းဝေးနိုင်မှာ သေချာပါတယ်။  ခြင်ပြေးရင်ပြီးရော တစ်အိမ်လုံး ခြင်ဆေးခွေ ပတ်ထွန်းထားတာမျိုး၊ အိမ်အလုံပိတ်ထဲမှာ ခြင်ဆေးဖျန်းပြီး မရှောင်ဘဲထိုင်ရှူနေ တာမျိုး၊ ခြင်ဆေး လိမ်းဆေးတွေ အညွှန်းထက်ပိုလူးတာမျိုး၊ ခြင်ဆေးခွေရော ဖျန်းဆေးရော ဘာညာ နှစ်မျိုးမက သုံးထားတာမျိုးတော့ မလုပ်သင့်မှန်း သိရပါမယ်။ တကယ်ကို ထိရောက်မှုရှိပြီး အသုံးဝင်တဲ့ခြင်နိုင်ဆေးတွေ ဈေးကွက်မှာ ရနိုင်ပါလျက်နဲ့ စနစ်တကျမသုံးတဲ့သူတွေ ဘာလို့ရှိနေတာလဲ။


အကြောင်းရင်းကတော့ ခြင်ဆေးနဲ့ပတ်သက်တဲ့ အယူအဆမှားတွေ၊ ယုံကြည်မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘာတွေဖြစ်နိုင်မလဲ ကြည့်ရအောင်။


(၁) ခြင်ဆေးဆိုတာ အဆိပ်တွေ


ခြင်တွေကိုတောင် တုန်းခနဲ သေစေနိုင်သေးတာ၊ လူကိုလည်း အန္တရာယ်ပေးမှာပဲလို့ ကိုယ်တိုင်တွေးမိခဲ့ကြမှာပါ။ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ရမှာဆိုတော့ စိုးရိမ်ကြတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အရည်အသွေးကို အဓိကထားတဲ့ ကုန်အမှတ်တံဆိပ်ကောင်းအဖြစ်နဲ့ စောင့်ထိန်းနေတဲ့ ကုန်ပစ္စည်းတွေကတော့ ဈေးကွက်ကိုမရောက်ခင် ဘေးအန္တရာယ်ကင်းရေး စစ်ဆေးစမ်းသပ်ပြီးမှ ရောင်းချကြတာဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလို နည်းလမ်းမှားတွေနဲ့ မတန်တဆ၊ လွန်လွန်ကဲကဲအသုံးပြုမှုတွေကလွဲရင် လူကိုထိခိုက်စေမှာ မဟုတ်ပါဘူး။


(၂) သဘာဝပစ္စည်းတွေက ထိရောက်မှုရှိတယ်


ဒါလေးက ဘာအတွက်ကောင်းတယ်၊ ဒီလိုလေးလုပ်ထားရင် ဘယ်လိုကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သဘာဝပစ္စည်းတွေကို လူကြိုက်များလာပါတယ်။ ခြင်ပြေးစေနိုင်တယ်ဆိုတဲ့ သဘာဝနည်းလမ်းတွေက ထိုက်သင့်သလောက် အကျိုးရှိတယ်ဆိုပေမယ့် တကယ်တမ်း ခြင်အန္တရာယ်က ထိထိရောက်ရောက် မကာကွယ်နိုင်ပါဘူး။ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကလည်း အကန့်အသတ်ရှိတာမို့ ဓာတုပစ္စည်းတွေနဲ့ခဏတာ ကင်းဝေးလိုတဲ့ အခါမျိုးမှာပဲသုံးပေါ့။ ခြင်နိုင်ဆေးတွေလိုမျိုး ထိရောက်စွာ နှိမ်နင်းနိုင်မှာမဟုတ်သလို တာရှည်အသုံးလည်း မခံပါဘူး။


(၃) နည်းပညာနဲ့ ကာကွယ်နိုင်မယ်


ခေတ်မီနည်းပညာတွေနဲ့ ပစ္စည်းသစ်တွေ အမျိုးစုံအောင် ထွက်နေတဲ့အချိန် အသံစနစ်နဲ့ခြင်ပြေးစက်၊ ခြင်ဖမ်း စက်၊ ခြင်ရိုက်လျှပ်စစ်ဘတ်တံ၊ စတဲ့ခြင်ဆေးအစားထိုး ကုန်ပစ္စည်းတွေလည်း ရှိနေပြီဆိုတော့ ခြင်ဆေးသုံးရမှာ ကြောက်တဲ့ သုံးစွဲသူတွေက ပျော်တာပေါ့။ ဒါပေမယ့် ထိရောက်မှု အာနိသင်၊ ကာကွယ်နိုင်စွမ်း အတိုင်းအတာမှာတော့ ကွာခြားသွားပါလိမ့်မယ်။ ဥပမာ ခြင်ဖမ်းစက်ကို အိမ်ရှေ့ခြံဝင်းထဲမှာ သုံးလို့မရနိုင်သလို ခြင်ရိုက်ဘတ်တံတစ်ချောင်းနဲ့လည်း ခြင်လုံးဝမကိုက်အောင် မကာကွယ်နိုင်ပါဘူး။ လက်သာညောင်းသွားမယ်၊ အနည်းဆုံး လွတ်တဲ့နေရာ ခြင်ကိုက်ခံရမှာပါပဲ။ နည်းပညာကတော့အသုံးပြုရလွယ်ကူပြီး သုံးစွဲသူအဆင်ပြေစေဖို့ အမျိုးမျိုးကြိုးစားကြမှာပါ။ ဒါပေမယ့် လုံခြုံတဲ့ကာကွယ်မှုကို လိုချင်ရင်တော့ ခြင်နိုင်ဆေးသုံးပါ။


(၄) ပါဝင်ပစ္စည်း ပမာဏများမှ /ပြင်းမှ အာနိသင်ထိရောက်တယ်


ဆေးက ပျော့တယ်၊ အနံ့လည်းမရှိဘူး၊ ခြင်ကလည်းမကြောက်ကြဘူး၊ ခြင်တွေချက်ချင်းသေတဲ့ ခြင်ဆေးပဲလိုချင်တယ် ဆိုတာမျိုးက မှားပါတယ်။ ပါဝင်ပစ္စည်းများမှ၊ ပြင်းမှ ထိရောက်မှု ပိုရှိမယ်လို့ အများစုက ထင်ကြတယ်။ အဲဒီအတိုင်း လုံးဝမှန်တာတော့ မဟုတ်ပါဘူး။ မှန်ကန်တဲ့ အချိုးအစားနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး  ခြင်ဆေးက ထိရောက်မှု ပြင်းမပြင်းဆိုတာ ရလဒ်ကို ကြည့်ရမှာပါ။ label ကိုကြည့်လို့မရပါဘူး။ ဒီလိုကြည့်မယ့်အစား ဒီခြင်ဆေးက ဘယ်လောက်ကြာကြာအာနိသင်တာရှည်ခံလဲဆိုတာမျိုး ကြည့်ရမှာဖြစ်ပါတယ်။


ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”